BREAKING
October 25, 2025

ခဲလုပ်ကွက်များကြောင့် တနင်္သာရီမြစ်ကြောင်းတွင် ရေချိုပုစွန်ရှားပါးလာ

October 25, 2025

ပုံစာ - တနင်္သာရီမြစ်အတွင်း ငါးဖမ်းနေသူတစ်ဦးကို တွေ့ရစဉ်။

တနင်္သာရီမြို့နယ်အတွင်းရှိ ခဲသတ္တုလုပ်ကွက်များက စီးဆင်းလာသည့် နောက်ကျိနေသည့် ရေကြောင့် တနင်္သာရီမြစ်ကြောင်းတွင် ရေချိုပုစွန်ရှားပါးလာကြောင်း တံငါသည်များနှင့် ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီမြို့နယ်အတွင်း ခဲလုပ်ကွက် ပိုမိုများပြားလာပြီး တနင်္သာရီမြစ်အတွင်းသို့ နောက်ကျိနေသည့် ရေစီးဆင်းမှုကြောင့် ရေများ နောက်ကျိလာကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၅ နှစ်ခန့် (အာဏာမသိမ်းမီ) က တနင်္သာမြစ်အတွင်း ဖမ်းပါက တစ်ညလျှင် ပုစွန်နှစ်ပိဿာဝန်းကျင် ဖမ်းမိလေ့ ရှိပြီး လက်ရှိတွင် ငါးဆယ်ကျပ်သားခန့်သာ ဖမ်းဆီးရရှိတော့ကြောင်း ရေပေါ်ရွာနေ တံငါသည်တစ်ဦးက ဆိုသည်။

ထို့ကြောင့် ဖမ်းဆီးရမိထားသည့် ပုစွန်အရှင်များကို မြှုံးအတွင်းထည့်သွင်းကာ စုဆောင်းထားပြီး ပမာဏများလာချိန်မှသာ ရောင်းချတော့ကြောင်း ၎င်းက ပြောဆိုသည်။

“အရင်က တစ်ညခပ် (ဖမ်း) ပြီး မိုးလင်းဆို ရောင်းလို့ရတယ်။ အခုက သုံးလေးညခပ်မှ နှစ်ပိဿာလောက် ရတော့ စုထားပြီးမှ ရောင်းလို့ရတယ်။ ပုစွန်ပေါ်တဲ့ ရာသီလည်း ကုန်ခါနီးနေပြီဆိုတော့ သိပ်မရတော့ဘူး” ဟု အထက်ပါ တံငါသည်က ပြောသည်။

ယခင်က တနင်္သာရီမြစ်အတွင်း ‌ရေငြိမ် (ရေစီးမသန်) သည့် မည်သည့်နေရာမျိုးမဆို ပုစွန်ဖမ်းမိလေ့ရှိသော်လည်း လက်ရှိတွင် သမီးလှရွာ၊ ရေပေါ်ရွာ၊ဘန်းသဲရွာနှင့် အနီးဝန်းကျင်ရှိ ၁၀ရွာဝန်းကျင်သာ ဖမ်း၍ရတော့ကြောင်း ဒေသခံများက ပြောသည်။

တနင်္သာရီမြစ်အတွင်း ပုစွန်ဆိတ်များ မရှိသလောက်ရှားပါးလာပြီး အလယ်အလတ်အရွယ် ပုစွန်များသာ တွေ့ရတော့ကြောင်း တကူကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

တနင်္သာရီမြစ်ကြမ်းပြင်တွင် နှုန်းမြေများဖုံးကာ တိမ်ကောလာပြီး ပုစွန်အပြင် ရေချိုငါးလည်းရှားပါလာကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၅နှစ်ခန့်ကဆိုလျှင် ဖမ်းမိသည့် ပုစွန်များကို ဒေသတွင်းရောင်းချပြီး ပိုလျှံနေသည့်အတွက် တနင်္သာရီမြို့နှင့် မြိတ်မြို့သို့ တင်ပို့ရောင်းချလေ့ရှိကြောင်း အထက်ပါ တကူဒေသခံက ပြောဆိုသည်။

“အခုက ရွာထဲမှာတောင် ရောင်းလို့မလောက်ဘူး။ စားချင်ရင် ပုစွန်ဖမ်းသမားတွေကို ကြိုပြီးသွားမှာ ထားရတယ်။ နယ်ဝေးက အမျိုးတွေဆီလည်း ပို့လို့မရတော့ဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပုစွန်အကောင်ကြီးတစ်ပိဿာလျှင် ကျပ်သုံးသောင်းဝန်းကျင်နှင့် ပုစွန်အလတ်စားတစ်ပိဿာလျှင် ကျပ်တစ်သောင်းခွဲဝန်းကျင်ဖြင့် ဝယ်ယူစားသောက်နေကြကြောင်း ဒေသခံများထံမှ သိရသည်။