BREAKING
October 25, 2025

မြေပေါ်ခြေချဖို့တောင် ကြောက်နေရတဲ့ ပြည်သူတွေ

October 25, 2025

လူသူဝေးသည့် တောတောင်များတွင်သာတွေ့ရ ကြုံရလေ့ရှိသည့် မြေမြှုပ်မိုင်းများက အာဏာသိမ်းပြီးနောက်ပိုင်း လူနေအိမ်များနှင့် ဥယျာဉ်ခြံများ၊ လမ်းမကြီးများပေါ်အထိ ရောက်ရှိလာသည်။

အာဏာမသိမ်းမီက လူသူအရောက်အပေါက်နည်းသည့် တောတောင်များအတွင်းသွားမှသာ မြေမြှုပ်မိုင်းနင်းမိလေ့ရှိသော်လည်း လက်ရှိတွင် အရပ်သားပြည်သူများ၏ လက်တစ်ကမ်းသို့ ရောက်ရှိလာသည်။

တနင်္သာရီတိုင်းအတွင်း အရပ်သားမြေမြှုပ်မိုင်းနင်းမိသည့်ဖြစ်စဉ်များ လတိုင်းနီးပါးရှိနေပြီး သေဆုံးဒဏ်ရာရသူလည်း တိုးလာသည်။

အထူးသဖြင့် ဥယျာဉ်ခြံလုပ်တောင်သူများနှင့် ကျေးရွာနေပြည်သူများမှာ မြေမြှုပ်မိုင်းအန္တရာယ်ကို နဖူးတွေ့ဒူးတွေ့ရင်ဆိုင်နေကြရသည်။

ထို့အပြင် ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်းကို ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမပေါ်အထိ မြေမြှုပ်မိုင်းများရောက်လာပြီး အရပ်သားပြည်သူများထိခိုက်သေဆုံးနေကြသည်။

အဆိုပါ မြေမြှုပ်မိုင်းများကို စစ်အာဏာရှင်တပ်က အဓိကအသုံးပြုနေသလို တော်လှန်ရေးတပ်များကလည်း အသုံးပြုနေကြသည်။

ထိုအခြေအနေများကြောင့် မြေမြှုပ်မိုင်းအန္တရာယ်က ပြည်သူလူထု၏ လက်တစ်ကမ်းအကွာကိုရောက်လာပြီး ခြေတစ်လှမ်းချင်းက အသက်နှင့်ရင်းရသည့် အခြေဆိုက်လာသည်။

ယခင်က လွတ်လပ်စွာသွားလာခဲ့ဖူးသည့် လမ်းများမှာ ယခုတော့ မြေမြှုပ်မိုင်းများရှိမလားဆိုသည့် စိုးရိမ်စိတ်ကြောင့် မြေပေါ်ခြေချဖို့ပင် မရဲတော့သည့် အခြေအနေမျိုးကို ရင်ဆိုင်နေကြရသည်။

ထိုကြောင့် မြေမြှုပ်မိုင်းအန္တရာယ်နှင့်ပတ်သက်၍ တနင်္သာရီတိုင်းရှိ ပြည်သူလူထု၏ စိုးရိမ်ချက်၊ ကြုံတွေ့နေသည့် အခက်အခဲများကို သိရှိနိုင်ရန် ယခုအပတ်တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။

“ရွာသားတွေ ပြည်သူတွေ မထိအောင်တော့ နည်းနည်းလေးကို ဂရုစိုက်စေချင်တာပေါ့”

ကိုယ်တိုင်မိုင်းနင်းမိသည့် အမျိုးသမီးတစ်ဦး၊ ကလိန်အောင် – မလွှဲတောင်လမ်းပိုင်း ရှိ ကျေးရွာ

DW ။ မိုင်းနင်းမိခဲ့တဲ့အကြောင်းလေး ပြောပြပေးပါ။ ဘာတွေထိခိုက်သွားကြလဲ။

ဖြေ ။ နင်းမိတာကတော့ လင်မယား နှစ်ယောက်စလုံးပဲ ။ အမျိုးသားမှာတော့ ဘယ်ဘက်ခြေထောက်က လုံးဝအရိုးကျိုးပြီးတော့ အထဲမှာ အရိုးတွေပါကြေသွားတယ်။ မျက်လုံးတစ်ဖက်လည်း နည်းနည်းတော့ ထိခိုက်သွားတယ်။ ဒါပေမဲ့ မျက်လုံးကတော့ မျက်စိအထူးကုဆရာဝန်တွေနဲ့ ပြနေပါတယ်။ ကျွန်မမှာကတော့ ပေါင်မှာ (မိုင်း) အစမှန်တာတစ်ချက်ပဲ။ ငါးချက်ချုပ်ရတယ်။ အဲဒါတော့ သက်သာသွားပါပြီ။ မိုင်းနင်းမိခဲ့တာတော့ တစ်လကျော်ပြီပေါ့။ ကလိန်အောင်မှာ စျေးသွားဝယ်တယ်။ အသွားတုန်းက မနင်းမိဘူး ပြန်လာမှနင်းမိတယ်။ ဆိုင်ကယ်အရှေ့ဘီးနဲ့(မိုင်းကို)ကြိတ်(နင်း)မိတာ။

DW ။ အစ်မတို့ ပတ်ဝန်းကျင်မှာ အရင်ကမိုင်းနင်းမိတာတွေ ကြားရလား။

ဖြေ ။ လက်နက်ကြီးတွေ ဘာတွေတော့ထုတော့ထုနေတာပဲ။ အခုလိုမျိုး လူကမိုင်းနင်းမိတဲ့အခြေအနေအထိ တစ်ခါမှတော့မဖြစ်ဖူးဘူး။ အခု ကျွန်မတို့ဖြစ်တာက ပထမဆုံးပဲပေါ့။ ကျွန်မတို့က ၈ လပိုင်း(အခုနှစ် သြဂုတ်လ) လကုန်ရက်ဖြစ်တယ်။ နောက်ထပ်တစ်ခါ မိသားစုတစ်စု ထပ်နင်းမိကြတာက ၉ လပိုင်း(စက်တင်ဘာ) ၁ ရက်နေ့မှာပေါ့။

DW ။ အခုဆေးကုသပြီးလို့ ဥယျာဉ်ခြံထဲမှာ အလုပ်ပြန်လုပ်ရင်ရော မြေမြုပ်မိုင်းနဲ့ ပတ်သက်ပြီးစိုးရိမ်လား။

ဖြေ ။ ဥယျာဉ်ခြံထဲမှာတော့ (မိုင်း) မရှိလောက်ပါဘူး။ ဥယျာဉ်ခြံထဲမှာတော့ သိပ်တော့မစိုးရိမ်ဘူး။ ဒါပေမဲ့ လမ်းသွားလမ်းလာကတော့ စိုးရိမ်တာပေါ့။ နောက်တစ်ခါထပ်ဖြစ်မှာကိုလည်း စိုးရိမ်တယ်။

DW ။ အခုမိုင်းနင်းမိတာနဲ့ပတ်သက်ပြီး စိတ်ခံစားချက်က ဘယ်လိုရှိနေလဲ။

ဖြေ ။ ဘယ်လိုခံစားရလဲဆိုတော့ အခုဆိုလို့ရှိရင် ကျွန်မယောက်ျားက (ခြေထောက်) စတီးပြားထည့်ထားရတယ် ဆိုတော့ မိသားစုစားဝတ်နေရေးကအစ အကုန်လုံးသူ့ကိုပဲအားကိုးပြီးနေရတော့ သူကအခုလိုမျိုးဖြစ်သွားတော့ အားကိုးရာလည်းမဲ့သွားတာပေါ့။ နည်းနည်းတော့အားငယ်တယ်။ စိတ်မကောင်းလည်းဖြစ်တာပေါ့နော်။ အခုဆိုရင်တစ်လကျော်ပြီပေါ့။ ဆရာဝန်တွေပြောတာကတော့ နှစ်လ ၊ သုံးလလောက်ကတော့ အလုပ်တွေ ဘာတွေ မလုပ်နဲ့ဦး။ အခုလောလောဆယ်တောင် ခြေထောက်က လုံးဝပေးမထောက်သေးဘူး။

DW ။ ရွာသားတွေကရော ရွာမှာပြန်နေရဲကြပြီလား။

ဖြေ ။ ရွာထဲမှာ တစ်ချို့တစ်ဝက်တော့ပြန်ရောက်နေပြီပြောတာပဲ။ တစ်ချို့တော့လည်း ပြန်မလာရဲလို့ ပြန်မလာကြသေးဘူး။

DW ။ မိုင်းတွေကို ဘယ်လိုလုပ်ပေးစေချင်လဲ။

ဖြေ ။ ရွာသားတွေ ပြည်သူတွေ မထိအောင်တော့ နည်းနည်းလေးကို ဂရုစိုက်စေချင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဘာမဆိုင် ညာမဆိုင်နဲ့ ပြည်သူတွေ။ အခုကျွန်မတို့ဆိုလို့ရှိရင် အိမ်ထောင်ဦးစီးတစ်ယောက်ကို အားကိုးပြီးနေရတော့ အိမ်ထောင်ဦးစီးတစ်ယောက်က အဲဒီလိုမျိုးဖြစ်သွားတယ်ဆိုတော့ အားလည်းနည်းတယ်။ ဝမ်းလည်းနည်းတယ်။ နောက်ဆိုရင်တော့ ကိုယ့်လိုမျိုး ဘယ်သူ့ကိုမှ မကြုံစေချင်တော့ဘူး။

DW ။ ကျေးဇူးတင်ပါတယ်။

“မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းအကြွင်းအကျန်တွေကြောင့် စစ်ဘေးရှောင်တွေ ထိခိုက်တာကတော့ အများကြီးရှိပါတယ်”

ကိုယောနသံ

မြေပြင်ကွင်းဆင်းတာဝန်ခံ၊ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့)

DW ။ ထားဝယ်ခရိုင်မှာ မြေမြှုပ်မိုင်းအခြေအနေက အခုအာဏာသိမ်းပြီး ငါးနှစ်ဝန်းကျင်အကြာမှာ ဘယ်အခြေအနေရှိလဲ။ ဘယ်လိုတွေပြောင်းလဲလာလဲ။ ဘယ်နေရာတွေအထိရောက်လာလဲ။

ဖြေ ။ ထားဝယ်ခရိုင်မှာ မြေမြှုပ်မိုင်းအခြေအနေက အာဏာသိမ်းပြီး ငါးနှစ်ဝန်းကျင်ကြာလာတဲ့အချိန်မှာ ဘယ်လိုရှိလဲ ဆိုတော့ တော်တော်လေးကိုမှ အန္တရာယ်ရှိတဲ့ အခြေအနေမှာရှိတယ်လို့ ပြောလို့ရတယ်။ ပြည်သူလူထုတွေအတွက် တော်တော်လေး သတိထားရမယ့် အခြေအနေတစ်ခုဖြစ်လာတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ ပြောတဲ့အခါမှာလည်း မြေမြှုပ်မိုင်း တစ်ခုတည်းပြောတာထက် မြေမြှုပ်မိုင်းအပါအဝင် အခြားမပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်း အကြွင်းအကျန်တွေကိုပါ ထည့်သွင်းပြီးတော့ ပြောဖို့လိုအပ်တယ်ပေါ့နော်။ ၄၀ မမ ၊ ၆၀ မမ ၊ ၁၂၀ မမ အဲဒီလိုမျိုး ဗုံးသီးတွေအပါအဝင် အီနာဂါဗုံးသီးတွေ၊ လက်ပစ်ဗုံးတွေ၊ လက်လုပ်မိုင်းတွေ၊ မြေမြှုပ်မိုင်းတွေအပါအဝင် လက်လုပ်ဗုံးသီးတွေ အဲဒီလိုမျိုး မပေါက်ကွဲသေးတဲ့စစ်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်ကိုလည်း တစ်ခါတည်း ထည့်ပြောဖို့လိုတယ်ပေါ့။ အရင်ကတော့ မြေမြုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကတော့ လူသူနဲ့ဝေးတဲ့ တောတောင်တွေမှာဖြစ်ဖြစ် ဒါမှမဟုတ် နည်းနည်း အစွန်းအဖျားကျတဲ့ လက်နက်ကိုင်တပ်တွေ တပ်စခန်းချဖူးတဲ့နေရာမျိုးမှာပဲ တွေ့ရတာရှိတယ်ပေါ့နော်။ ဒါပေမဲ့ အခုအာဏာသိမ်းပြီးတဲ့အချိန်မှာ ထိတွေ့တိုက်ပွဲ တွေက ပိုပြီးကျယ်ပြန့်လာတယ်။ ပြီးတော့ အရင်ကထက် နယ်မြေတွေလည်း ပိုပြီးတော့ကျယ်ပြန့်လာတဲ့အတွက် ကြောင့် မြေမြှုပ်မိုင်းအပါအဝင် စစ်လက်နက်ပစ္စည်းတွေအန္တရာယ်က လူသူပိုမိုထူထပ်တဲ့နေရာတွေ၊ ကျေးရွာတွေထဲ အထိကို ရောက်လာတာမျိုးရှိတယ်ပေါ့နော်။ တစ်ချို့သော ဥယျာဥ်ခြံမြေတောတောင်တွေ၊ လူနေအိမ်တွေ၊ လမ်းတွေ တံတားတွေအထိ မြစ်ချောင်းတွေ အဲဒီလိုမျိုးနေရာတွေအထိကိုပါ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်း အကြွင်းအကျန်တွေက ပြန့်ပွားလာတာ ရောက်လာတာမျိုးရှိတယ်ပေါ့။

DW ။ မြေမြုပ်မိုင်းတွေကြောင့် စစ်ဘေးရှောင်တွေ ထိခိုက်တာမျိုးရှိလား။ မိုင်းတွေက ဘယ်လိုအခက်အခဲ ဖြစ်စေလဲ။

ဖြေ ။ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းအကြွင်းအကျန်တွေကြောင့် စစ်ဘေးရှောင်တွေ ထိခိုက်တာကတော့အများကြီးရှိပါတယ်။ ထိခိုက်မှုပုံစံကတော့ ဘယ်လိုပြောမလဲ။ နှစ်မျိုးရှိတယ်လို့တော့ ပြောလို့ရတယ်ပေါ့နော်။ ပထမတစ်မျိုးက တိုက်ရိုက်ထိခိုက်ခံစားရတာ။ ဘယ်လိုမျိုးလဲဆိုတော့ မြေမြှုပ်မိုင်းတွေကို နင်းမိလို့ဖြစ်စေ မပေါက်ကွဲသေးတဲ့စစ်လက်နက်ပစ္စည်းတွေ ပေါက်ကွဲလို့ဖြစ်စေ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးတာ၊ နေအိမ် ပစ္စည်းဆုံးရှုံးတာမျိုးပေါ့နော်။ ဒါမျိုးကတော့ တိုက်ရိုက်သောနည်းနဲ့ ထိခိုက်ခံစားရတယ်လို့ပြောလို့ရတယ်။ ဒုတိယတစ်မျိုးကတော့ တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်သောအားဖြင့် ကျွန်တော်တို့ စစ်ဘေးရှောင်တွေက သူတို့လုပ်ကိုင်စားသောက်ကြတဲ့ နေရာတွေရှိကြတယ်။ သူတို့အသက်မွေးဝမ်းကျောင်း စီးပွားရေးအတွက် လုပ်ကိုင်တဲ့နေရာတွေရှိတယ်။ အဲဒီလိုနေရာတွေမှာ တိုက်ပွဲဖြစ်လို့ဖြစ်စေ၊ စစ်ကြောင်းထိုးလာလို့ဖြစ်စေ၊ မြေမြှုပ်မိုင်း တွေ ထောင်ထားလို့ပဲဖြစ်စေ၊ ကွမ်းခြံဖြစ်ဖြစ် ရာဘာခြံဖြစ်ဖြစ် အဲဒီနေရာတွေကို ဝင်လို့မရတော့ဘဲနဲ့ အဲဒီနေရာတွေမှာ လုပ်ကိုင်စားသောက်လို့မရတော့ဘူး။ စီးပွားရှာလို့မရတော့ဘူးဆိုတဲ့ အနေအထားနဲ့ ပြည်သူလူထုမှာ စစ်ဘေးရှောင် တွေမှာ အများကြီး ထိခိုက်တာမျိုးရှိတယ်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုလည်း ထည့်သွင်းစဥ်းစားဖို့လိုတယ်။ အရှေ့မှာပြောခဲ့သလို ကိုယ်လက်အင်္ဂါတွေဆုံးရှုံးခဲ့ရတာ ကိုယ်ကိုယ်တိုင်ပဲဖြစ်စေ၊ ကိုယ့်မိသားစုဝင်ထဲက ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရလို့ဖြစ်စေ အဲဒီလိုမျိုးအခြေအနေမှာ စစ်ဘေးရှောင်တွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ အများကြီးထိခိုက်ခံစားရတာမျိုးတွေရှိတယ်။ ပြီးတော့ အချို့လူတွေမှာက အသက်မွေးဝမ်းကျောင်း အတွက် အဲဒီဥယျာဥ်ခြံတွေပဲရှိတယ်။ အဲဒီဥယျာဥ်ခြံတွေမှာ တိုက်ပွဲဖြစ်ပွားလို့ဖြစ်စေ ၊ မြေမြုပ်မိုင်း တွေထောင်ထားလို့ဖြစ်စေ ၊ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေ ၊ မြေမြုပ်မိုင်းတွေက ကျန်ခဲ့တယ်ဆိုတဲ့အနေအထားမှာ ခြံတွေထဲကို မဝင်ရဲတော့ဘဲ သူတို့ရဲ့စီးပွားရေးလည်းထိခိုက်လာတယ်။ မိသားစု စားဝတ်နေရေးတွေ ထိခိုက်လာတာနဲ့အမျှ အခြားသောမိသားစုရဲ့အခြေအနေတွေ တစ်စုံလုံးကို ထိခိုက်ပြီးတော့ စိတ်ပိုင်းဆိုင်ရာအရ အများကြီးထိခိုက်နစ်နာရတာတွေရှိတယ်။

DW ။ မြေမြုပ်မိုင်းနဲ့ပတ်သက်ပြီး သတိပေးတာ ၊ ပညာပေးတာနဲ့ အခြားထိခိုက်မှုတွေရှိပြီးတဲ့နောက်အစီအမံတွေ စီစဥ်ထားတာမျိုးရှိလား။ အဲဒီကဏ္ဍအတွက် ဘာတွေလိုအပ်ချက်တွေရှိနေလဲ။

ဖြေ ။ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းအကြွင်းအကျန်တွေကြောင့် ထိခိုက်မှုတွေရှိပြီးတဲ့နောက်မှာ အသိပညာပေးတာသည် အကောင်းဆုံးအစီအမံပဲလို့ ကျွန်တော်တို့ကတော့ ယုံကြည်တယ်။ ဘယ်လိုမျိုးလဲဆိုတော့ စစ်ဘေးရှောင်တွေ ၊ ပြည်သူတွေကို မြေမြှုပ်မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး လျော့နည်းအောင်၊ ကာကွယ်နိုင်အောင်ဆိုရင် ဘာတွေကို လိုက်နာရမယ် ဆောင်ရမယ် ရှောင်ရမယ်ဆိုပြီး သူတို့ကို နားလည်နေအောင်သေသေချာချာလေး ရှင်းပြထားဖို့လိုမယ်။ ဆိုလိုတာက ဘယ်လိုနေရာတွေမှာဆိုရင် မြေမြှုပ်မိုင်းတွေရှိနေနိုင်တယ်။ အဲဒီလိုနေရာတွေကိုသွားရင် ဘာတွေကို သတိထားသင့်တယ်။ ပြီးတော့ ဘယ်လိုမျိုး သဲလွန်စတွေ ဘယ်လိုမျိုး ပတ်ဝန်းကျင် အခြေအနေတွေကို တွေ့ရတဲ့အချိန်မှာ မြေမြှုပ်မိုင်းတွေရှိနေနိုင်တယ်ဆိုပြီး သံသယရှိနိုင်တယ်။ ဒီလိုမျိုးအခြေအနေတွေကို တွေ့ရရင်တော့ သတိပြုရမယ့် ဆိုတဲ့ဟာတွေ။ ပြီးတော့ အဲဒီလိုပစ္စည်းတွေမျိုးတွေ့တဲ့အခါ ထိတွေ့ကိုင်တွယ်တာ နေရာရွှေ့ပြောင်းတာမျိုး သိမ်းဆည်းတာမျိုး မလုပ်ဖို့ အသိပညာပေးတာကို စစ်ဘေးရှောင်တွေ ပြည်သူတွေကြားကို ပျံ့နှံ့နေမှ သိထားမှ မြေမြုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းအန္တရာယ်ကနေ လျော့ပါးအောင် အကောင်းဆုံးကာကွယ်နိုင်မယ့် နည်းလမ်းတွေ ဖြစ်တယ်။

DW ။ ထားဝယ်ခရိုင်မှာ မြေမြှုပ်မိုင်းအန္တရာယ်အများဆုံးနဲ့ ထိခိုက်မှုအများဆုံးက ဘယ်ဒေသတွေလဲ။ ဘာကြောင့်လဲ။

ဖြေ ။ ထားဝယ်ခရိုင်မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုအများဆုံးက ဘယ်ဒေသဖြစ်တယ်ဆိုတာကိုတော့ ပြောရခက်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ထားဝယ်ခရိုင်လေးမြို့နယ်စလုံးမှာ စစ်ကြောင်းတွေထိုးပြီး တိုက်ပွဲတွေနေရာတိုင်းမှာ ဖြစ်ပွားနေတာမျိုးရှိတယ်။ တိုက်ပွဲဖြစ်တဲ့နေရာတိုင်းမှာလည်း စစ်တပ်ကရွာတွေထဲကို ဝင်တဲ့ လမ်းကြောင်းတစ်လျှောက်မှာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့စစ်လက်နက်ပစ္စည်း အကြွင်းအကျန်တွေက ကျန်ခဲ့တာရှိတယ်။ အဲဒီလိုမျိုးအများဆုံး ဒေသရယ်လို့တော့ ပြောရခက်ပါတယ်။ အဲဒီလိုမျိုး လုပ်ထားတဲ့ အချက်အလက်ကလည်းမရှိတော့ ဘယ်ဒေသက အများဆုံးဖြစ်တယ်။ ဘယ်ဒေသက အန္တရာယ်ပိုရှိတယ် ဆိုတာမျိုးတော့ ပြောဖို့ခက်ပါတယ်။

DW ။ မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီး ပြည်သူလူထုကိုရော ဘယ်လိုတိုက်တွန်း အသိပေးချင်တာရှိလဲ။

ဖြေ ။ မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီး ပြည်သူလူထုကို အဓိကတိုက်တွန်းချင်တာကတော့ မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီး ဆောင်ရရှောင်ရမယ့်ဟာတွေပိုလေ့လာထားဖို့၊ ကိုယ်နဲ့မရင်းနှီးတဲ့ အရာဝတ္တုပစ္စည်းတွေကို ဆိုလို့ရှိရင် ထိတွေ့ကိုင်တွယ်တာမျိုး၊ နေရာရွှေ့ပြောင်းတာမျိုးမလုပ်ကြဖို့ ၊ စစ်လက်နက်ပစ္စည်းအကြွင်းအကျန်တွေကိုလည်း ရွာတွေမှာဖြစ်ဖြစ် ၊ တောတောင်တွေမှာဖြစ်ဖြစ် ၊ လမ်းမှာဖြစ်ဖြစ်တွေ့ရတဲ့အခါ သိမ်းဆည်းပြီးအိမ်ယူမသွားဖို့၊ အဲဒီလိုလုပ်တာက အန္တရာယ်များပါတယ်။ ကိုယ်က ၄၀ မမ ဗုံးသီးတစ်လုံးကို လမ်းမှာတွေ့လို့ကောက်ပြီး အိမ်ကိုသိမ်းသွားမယ်။ သွားကောက်တဲ့အချိန်ကတော့ မပေါက်ကွဲသေးဘူး အန္တရာယ်မဖြစ်သေးဘူးဆိုပေမယ့် အိမ်ရောက်မှ ပေါက်ကွဲတာမျိုးဖြစ်ခဲ့ရင် ကိုယ်အပါအဝင် ကိုယ့်မိသားစုဝင်တွေပါ ထိခိုက်ဒဏ်ရာရနိုင်တယ်။ အိမ်မှာကလေးတွေရှိလို့ ကလေးတွေကယူပြီးတော့ ဆော့ကစားတဲ့အချိန်တွေမှာ ပေါက်ကွဲခဲ့ရင်တော့ ကိုယ့်မိသားစုတစ်ခုလုံးအတွက် အန္တရာယ်အများကြီးရှိနိုင်တယ်ပေါ့။ မြေမြှုပ်မိုင်းတွေ ၊ စစ်လက်နက်ပစ္စည်း လို့ယူဆရတဲ့ပစ္စည်းတွေဆိုရင် မကျွမ်းကျင်ဘဲနဲ့ ထိတွေ့ကိုင်တွယ်တာ ၊ နေရာရွှေ့ပြောင်းတာမျိုး ၊ သယ်သွားတာမျိုး ၊ စူးစမ်းလိုတဲ့စိတ်နဲ့ ကလိတာမျိုးတွေ လုံးဝမလုပ်ကြဖို့တော့ တိုက်တွန်းလိုပါတယ် ။

DW ။ ကျေးဇူးတင်ပါတယ်။

“ဒီလိုပဲ သတိကြီးကြီးထားပြီးလုပ်ကိုင်နေရတာပဲ……..ဒီမြေမြှုပ်မိုင်းအန္တရာယ်ကို ကြောက်ပြီး အလုပ်မလုပ်လို့ကလည်း မဖြစ်ဘူး”

အသက် (၄၀)ဝန်းကျင်အရွယ် ရွှေ့ပြောင်းလုပ်သားတစ်ဦး ၊တောင်ဒဂုံဆီအုန်းခြံ၊ ဘုတ်ပြင်းမြို့နယ်

DW ။ လက်ရှိအလုပ်အကိုင်က ဘာလုပ်လဲရှင်။ ဦးလေးရွှေ့ပြောင်းအလုပ်သမားတစ်‌ယောက်လို့သိရတယ်ပေါ့နော်။ အထက်မြန်မာပြည် ဘယ်ဒေသရောက်လာလဲရှင်။

ဖြေ ။ လက်ရှိအလုပ်က ဆီအုန်းထိုးတယ်ခင်ဗျာ။ဆီအုန်းခိုင်တွေကို ဓားအချွန်လိုဟာမျိုးနဲ့ထိုးတယ်ဆိုတာ ခုတ်တယ်ပေါ့နော်။ ဆီအုန်းပင်က မြင့်တော့ အောက်ထိုးပြီး ခုတ်ရတော့ အလုပ်စကားအရ ဆီအုန်းထိုးတယ် လို့ခေါ်တယ်။ ဦးလေးထိုးထားတဲ့ဆီအုန်းခိုင်တွေကို ကုမ္ပဏီကားတွေက လာတင်ကြတယ်။ဦးလေးတို့အလုပ်က ဆီအုန်း ပင်အခက်ခြောက်တွေ ခုတ်ရတယ်။ဆီအုန်းသီး အမှည့်တွေထိုးရတယ်။ဦးလေးတို့ဇာတိက ပဲခူးတိုင်း ဘက်ကပါ။ ဒီကိုရောက်နေတာကတော့ ဆယ်စုနှစ်တစ်ခုရှိနေပါပြီ။ ဒီကြားထဲ နိုင်ငံရေးအ‌ခြေအနေတွေက မအေးတော့ နေရပ်မပြန်ဖြစ်ဘဲ ဒီမှာသောင်တင်နေတယ်ဆိုပါတော့။

DW ။ အခုဦးလေးတို့လုပ်ကိုင်နေတဲ့ ဆီအုန်းတောတွေမှာ စစ်အာဏာရှင်တပ်တွေနဲ့ တော်လှန်ရေးတပ်တွေ မကြာခဏ ကင်းပုန်းဝပ်ကြတယ်ပေါ့နော်။ မြေမြှုပ်မိုင်းတွေ ထောင်းထားခဲ့တာတွေလည်း ရှိတယ်လို့ ကြားသိရတယ်။ အဲလိုအခြေအနေနဲ့ပတ်သက်ပြီး အလုပ်လုပ်ကိုင်ရာမှာ စိုးရိမ်မှုတွေရှိလားရှင်။

ဖြေ ။ မြေမြှုပ်မိုင်းတွေကတော့ မမြင်နိုင်တဲ့အန္တရာယ်တွေပေါ့။ဒီလိုပဲ သတိကြီးကြီးထားပြီးလုပ်ကိုင်နေရတာပဲ။ ရွှေ့ပြောင်းအလုပ်သမားဆိုတော့သိတဲ့အတိုင်း ကိုယ့်အရပ်ဒေသမဟုတ်တော့ မကျန်းမာလို့မဖြစ်ဘူးလေ။ ဒီမြေမြှုပ်မိုင်းအန္တရာယ်ကို ကြောက်ပြီးအလုပ်မလုပ်လို့ကလည်းမဖြစ်ဘူး။ အခုခေတ်ကာလအနေအထားမှာ အလုပ်တစ်ခုရှိနေတာပဲ ကျေးဇူးတင်နေရတယ်။စိုးရိမ်မှုတွေကတော့ အတိုင်းထက်အလွန်ပေါ့ခင်ဗျာ။

DW ။ မြေမြှုပ်မိုင်းအန္တရာယ်ကိုဘယ်လိုကာကွယ်ပြီး အလုပ်လုပ်နေလဲရှင်။မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်တွေကို အင်တာနက်ပေါ်က လေ့လာဖြစ်‌လားရှင်။

ဖြေ ။ ဒီ ဘုတ်ပြင်း ပြည်ထောင်စု လမ်းတလျှောက်မှာက ဆီအုန်းတောတွေကအများဆုံးပဲလေ။ သူတို့ကင်းပုန်းဝပ်တယ်။ တိုက်ပွဲဖြစ်ကြတယ်ဆိုရင်လည်း ဒီလူပြတ်တဲ့ ဆီအုန်းတောဝန်းကျင်မှာပဲ ဖြစ်ကြတာ။ ဦးလေးတို့က ဒီဆီအုန်းခြံတွေမှာအလုပ်လုပ်နေတဲ့သူဆိုတော့ ဒါတွေကိုသိတယ်။ မြေမြှုပ်မိုင်းတွေလည်း ထောင်ထားတာတွေရှိတယ်။တလောကတောင် မြေမြှုပ်မိုင်းနင်းမိတာတွေကြားမိသေးတယ်။ ဦးလေးတို့က ဘယ်လိုကာကွယ်နေလည်းဆိုတော့ ဒီလိုပဲ ဟိုကြည့်ဒီကြည့်ပြီး လုပ်နေရတယ်။ အခုထိ မဖြစ်သေးတာက ကံကောင်းနေသေးတယ်ပြောရမလားပဲ။ ဦးလေးတို့က ဒီအန္တရာယ်ကြားထဲလုပ်နေရ‌တာဆိုတော့ ဆောင်ရန်၊ရှောင်ရန်တွေကိုတော့ သိသင့်သလောက်သိထားပါတယ်။ လေ့လည်းလေ့လာပါတယ်။ အင်တာနက်ခေတ်ဆိုတော့ အင်တာနက်ရတဲ့နေရာတွေရောက်ရန် ဖတ်ရှုလေ့လာပါတယ်။အသက်ကို ဉာဏ်စောင့်တယ်လေ။

DW ။ မြေမြှုပ်မိုင်းလို့ထင်ရတဲ့ အရာတွေမျိုးကိုရော အလုပ်ခွင်ထဲမှာတွေ့မိလားရှင်။ တွေ့မိတာတွေရှိရင် ပြောပါလားရှင်။

ဖြေ ။ အထင်နဲ့ဆိုရင်တော့ တွေ့တယ်ပြောရမလား။ဦးလေးအထင်ပေါ့နော်။ တစ်ကယ်လားဆိုတာကတော့ နင်းကြည့်မှာပဲသိမယ်ဆိုတော့လေ။ အထင်အရဆိုရင်တော့ ခဏခဏတွေ့တယ်။ တခြားအလုပ်သမားတွေကိုလည်း ကိုယ့်က သတိပေးရတာပေါ့။ဟိုနားလေးရောက်ရင် သတိထား ဘာညာပေါ့။ကလေးတွေကိုတော့ အလုပ်ခွင်ထဲမခေါ်လာဖို့တော့ အချင်းချင်းပြောကြတာပေါ့နော်။ လူကြီးတွေကသိပေမယ့် ကလေးတွေကျတော့ မသိဘူးလေ။

DW ။ ဒီလို‌မြေမြုပ်မိုင်းထောင်ထားတာနဲ့ပတ်သက်ပြီး လုပ်ငန်းခွင်ဝင်ရမှာ စိုးရိမ်တာမျိုးရှိလာရှင်။ ဒါတွေနဲ့ပတ်သက်ပြီး ဦးလေး ပြောချင်တာတွေပြောပေးပါရှင်။

ဖြေ ။ စိုးရိမ်တာပေါ့။ကိုယ့်အသက်နဲ့ရင်းပြီး လုပ်နေရတာကိုး။ နင်းမိလို့ တစ်ခါတည်းသေသွားတာက တော်သေး။ ခြေပြတ် လက်ပြတ်က တစ်ဘဝလုံး ဒုက္ခိတဘဝနဲ့ လူမမာလိုနေထိုင်သွားရမှာလေ။ မိသားစုလည်း ကိုယ့်ကြောင့်အလုပ်ပိုကြမှာ။ တိုင်းပြည်က မအေးချမ်းတဲ့ကာလတွေမှာ လူဖြစ်ရတာက မမြင်နိုင်တဲ့ အန္တရာယ်ကိုလည်းကြောက်ရတယ်။ မြင်နိုင်တဲ့အန္တရာယ်ကိုလည်းကြောက်ရတယ်။ အခြေအနေတွေ ပြန်လည်အေးချမ်းသွားရင်တောင် ဒီမြေမြှုပ်မိုင်းတွေက တော်တော်ဒုက္ခပေးဦးမှာ။တောထဲ တောင်ထဲ ခြံစိုက် ‌တောင်ယာလုပ်နေတဲ့ တို့ညီအစ်ကိုတွေလည်း သတိကြီးကြီးနဲ့လုပ်စားကြပေါ့ဗျာ။

DW ။ နောက်ထပ် ဘာများဖြည်စွက်ပြီး ပြောချင်တာ‌ရှိသေးလဲရှင်။

ဖြေ ။ ကိုယ့်လုပ်ငန်းခွင်က တောထဲတောင်ထဲမှာဆိုရင် သတိထားပြီးလုပ်ကိုင်ကြပါ။ ပတ်ဝန်းကျင်မြေပြင်ကို လေ့လာပါ။စိတ်မသင်္ကာစရာတွေတွေ့ရင် စိတ်မြန်ပြီးကိုင်ကြည့်တာမျိုး ခြေနဲ့နင်းကြည့်တာမျိုးမလုပ်ကြပါနဲ့ ဝေးဝေးရှောင်ကြပါ။တခြားသူတွေကိုသတိပေးစကားပြောပါ။ဦးလေးတို့လည်း လုပ်ငန်းခွင်ကအန္တရာယ်ခွင် ဖြစ်နေတော့လည်း ကံကောင်းတုန်း အသက်မပါသေးတာပါ။

“မြေမြှုပ်မိုင်းတွေထောင်ထားပြီးရင် လက်နက်ကိုင် အစုအဖွဲ့တွေအနေနဲ့ တာဝန်သိသိနဲ့ ပြန်လည် ရှင်းလင်းပေးတာမျိုး ဖြစ်စေချင်ပါတယ်”

တော်လှန်ရေးရဲဘော်တစ်ဦး၊ ထားဝယ်အရှေ့တောဒေသ

DW ။ အခု ထားဝယ်အရှေ့တောဒေသမှာ မြေမြှုပ်မိုင်းအန္တရာယ်က ဘယ်လိုအခြေအနေရှိလဲဗျ။

ဖြေ ။ ကျွန်တော်တို့ ထားဝယ်အရှေ့တောဒေသက ၂၀၂၁ ခုနှစ်လောက်ကတည်းက အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်း တောက်လျှောက် အဝင်အထွက်ရှိပါတယ်။အဲဒီလို အခြေအနေတွေမှာ စစ်ပွဲရဲ့ အကြွင်းအကျန် လက်နက်ခဲယမ်း မိုင်းတွေကြောင့် ထိခိုက်အသက်ဆုံးရှုံးမှုတွေရှိပါတယ်။ ဒါအပြင် ပြီးခဲ့တဲ့နှစ်အစပိုင်းမှာ လက်နက်ကိုင်အဖွဲ့ အချင်းချင်း ပြဿနာဖြစ်တော့ မြေမြုပ်မိုင်းတွေ အသုံးပြုတာတွေရှိတယ်။ အဲဒီလို အသုံးပြုပြီးကျန်ရှိနေတဲ့ မိုင်းတွေကို ဒေသခံတွေက အလုပ်လုပ်ဖို့သွားရင် ထိခိုက်ခဲ့တဲ့ ပြည်သူတွေရှိပါတယ်။

DW ။ အခုလက်ရှိအထိ မိုင်းတွေကဆက်ရှိနေတာပေါ့နော်။ အလုပ်အကိုင်တွေရော ပြန်လုပ်ကိုင်နိုင်ကြရဲ့လား (ဥယျာဉ်ခြံ စသဖြင့်)။

ဖြေ ။ လက်ရှိမှာတော့ နယ်မြေရှင်းလင်းပြီးတာတွေရှိတာကြောင့် ဒေသခံတွေအနေနဲ့ ပုံမှန်အလုပ် ပြန်လုပ်လို့ရပါပြီ။ ဒါပေမဲ့ တစ်ခုရှိတာက အဲဒီလို မြေမြှုပ်မိုင်းတွေထောင်ထားပြီးရင် လက်နက်ကိုင် အစုအဖွဲ့တွေအနေနဲ့ တာဝန်သိသိနဲ့ ပြန်လည် ရှင်းလင်းပေးတာမျိုးဖြစ်စေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြေမြုပ်မိုင်းတွေ ပြန်ရှင်းပေးဖို့ ပြည်သူက အတင်းတောင်းဆိုပြီး ပြောမှသာ ရှင်းပေးတာမျိုးကြုံနေရပါတယ်။ ပြည်သူတွေက တောင်းဆိုလို့အချိန်အားဖြင့် ၁၀ ရက်လောက်ကြာပြီးမှ ရှင်းလင်းပေးတာဗျ။ ပထမက ဒေသခံတွေ အလုပ်လုပ်နိုင်ဖို့အတွက်ရှင်းလင်းပေးဖို့ တောင်းဆိုပါတယ်။အဲဒါကို ဘာအသိအမှတ်ပြုမှုမှမလုပ် တော်တော်ပြောယူမှ ပြန်လည်ရှင်းလင်းပေးတာပါ။ ကျွန်တော်ပြောတာက နောက်ပိုင်းတွေမှာ တာဝန်သိသိနဲ့ပြန်ရှင်းပေးတာမျိုးဖြစ်စေချင်တာပါ။

DW ။ ထားဝယ်အရှေ့တောက ဘယ်ရွာဘက်ခြမ်းတွေမှာ မြေမြှုပ်မိုင်းအန္တရာယ် အဓိကကြုံခဲ့ရလဲ။ ဘာကြောင့်လဲဗျ ။

ဖြေ ။ ဝကုန်းရွာဘက်ပေါ့။ ဝကုန်းဘော်ဒီဘောမိုင်း(သတ္တုတွင်း) လိုနေရာ၊ ချောင်းဖျားလို့နေရာမှာ အဓိက ထိခိုက် နစ်နာမှုတွေ ကြုံတွေ့ခဲ့ပါတယ်။ ဘာကြောင့်ဆို လက်နက်ကိုင်အချင်းချင်း ပဋိပက္ခဖြစ်တော့ မြေမြှုပ်မိုင်းတွေ အသုံးပြုပါတယ်။ အသုံးပြုပြီး အချိန်တစ်ခုထိ မရှင်းပဲထားတော့ ဒေသခံတွေအနေနဲ့ စားဝတ်နေရေးအတွက် အလုပ်လုပ်ဖို့သွားရင် ထိခိုက်ခဲ့တာတွေကြုံရပါဗျ။

DW ။ အရှေ့တောဒေသမှာ မိုင်းကြောင့်အသက်ဆုံးရှုံးခဲ့ရသူတွေရောရှိလားဗျ။

ဖြေ ။ ၂၀၂၄ ခုနှစ်မှာ ကင်မွန်းခြုံ(ရွာ)ဖက်မှာ ကလေးတွေ အကြမ်းဖက်စစ်တပ်ရဲ့ မိုင်းကြောင့် ကလေးနှစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး တစ်ဦးအပြင်းထန် ဒဏ်ရာရခဲ့ပါတယ်။

DW ။ မိုင်းကြောင့် ခြေလက်ဆုံးရှုံးသူတွေရော ဘယ်လိုပြန်ရုန်းကန်နေရကြလဲ။ မိသားစုစားဝတ်နေရေးတွေ အဆင်ပြေကြသေးရဲ့လား။ ဒီအခြေအနေကရော ပတ်ဝန်းကျင်မှာ ဘယ်လိုမြင်ရလဲဗျ။

ဖြေ ။ လက်ရှိတော့ ပုံမှန်အလုပ်မလုပ်နိုင်တော့ဘူးပေါ့ဗျာ။ မိသားစုကတော့ သာမာန်လူတန်းစားထဲကဆိုတော့ စားဝတ်နေရေးကတော့ အဆင်ပြေတယ် ပြောရမှာပေါ့ဗျ။ ဘယ်လိုပြောရမလဲ ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားတာ အသက်ဆုံးရှုံးသွားတာတွေရှိတော့ ဒါကလည်း ထိခိုက်နစ်နာတယ်ပဲ ပြောရမှာပေါ့။

DW ။ တော်လှန်ရေးရဲဘော်တစ်ယောက်အနေနဲ့ဆိုရင် မိုင်းတွေက အရပ်သားတွေထိခိုက်နေတာနဲ့ပတ်သက်ပြီး အဖွဲ့အစည်းတွေကို ဘယ်လိုတိုက်တွန်းချင်တာမျိုးရှိလဲဗျ။

ဖြေ ။ စစ်ရေးအရ လုပ်ဆောင်တာ ကျွန်တော်တို့နားလည်ပါတယ်။ ဒါပေမဲ့ ပြည်သူလူထုနဲ့ နီးစပ်တဲ့နေရာတွေမှာ အခုလိုမိုင်းတွေ အသုံးပြုတာတွေ မလုပ်ဆောင်ဖို့နဲ့ တကယ်လို့လိုအပ်လို့ လုပ်ဆောင်ခဲ့ရင် ပြည်သူလူထုကို သေသေချာချာ အသိပေးတားမြစ်တာတွေလုပ်ဆောင်ပြီး အမြန်ဆုံးတာဝန်ယူ ရှင်းလင်းပေးဖို့ ပြောချင်ပါတယ်။

DW ။ အခြား ဘာများဖြည့်ပြောချင်သေးလဲဗျ။

ဖြေ ။ ပြည်သူများအနေနဲ့ အခုလို စစ်ပွဲကာလမှာ စစ်ရေးအသိ သတိထားပြီး မိုင်းအန္တရာယ်အသိပေးမှုတွေကို ဂရုစိုက်ကြဖို့နဲ့ အခုအခက်အခဲ အကျပ်အတည်းတွေကနေ အမြန်ဆုံးလွတ်မြောက်ကြပါစေလို့ ဆုတောင်းပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။