တနေဝင် တနေထွက် တစ်ရက် မနက်မိုးလင်းလာပြီး တစ်ည မိုးချုပ်သွားတဲ့ ကာလယန္တရားသာပုံမှန်ခုတ်မောင်းနေတယ်။ မိုး ရွာတယ်၊ နေသာတယ်၊ ပူတယ်၊ ချမ်းတယ် အဲသည့်ရာသီစက်ဝန်းကလည်း ဝတ္တရားမပျက်လည်ပတ်နေတယ်။
ပြက္ခဒိန်တွေတစ်ရွက်ပြီးတစ်ရွက်စုတ်၊ တစ်အုပ်ကုန် နောက်တစ်အုပ် အသစ်လာ ဘာမှဖြစ်မလာတာတွေကတော့သည်အတိုင်းပဲ။ ကျုပ်တို့တိုင်းပြည်မယ် မသိကိန်းတွေ သတ်ပုံလွဲနေကြတာသာ ပိုပိုဆိုးဝါးလာနေပါတယ်။
မသိကိန်းတွေကို ရှာဖွေဖော်ထုတ်ဖို့ တန်ဖိုးသတ်မှတ်ပေးဖို့ နေရာ အမှန်မှာ သူ့စံနဲ့သူနေရာတကျ ဆောက်တည်ပေးနိုင်ကြမယ့် သင်္ချာပညာရှင်တွေလည်း သတ်ပုံတွေလွဲကုန်ကြပြီလားမသိ။ မတွေ့မိ။ မမြင်မိ။ မကြားမိတာ အတော်ကြီးကိုကြာပါပြီ။
လွဲနေတဲ့သတ်ပုံတွေကို ပြင်ပေးဖို့၊ သင်ပေးဖို့၊ တည့်မတ်ပေးဖို့ သိက္ခာရှိ လေးစားထိုက်တဲ့ ပညာရည်ပြည့်ဝတဲ့ ဆရာတွေလည်း မသိကိန်းတွေဖြစ်ကုန်ကြပြီထင်ပါရဲ့။
အဲဒါဆို ကျုပ်ကို ခင်ဗျားကမေးပါလိမ့်မယ်။ ကောင်းပါပြီဗျာ။ ခင်ဗျားကကော ပြောရုံပဲလား၊ ဘာများလုပ်ပေးနိုင်ပါ သလဲပေါ့။ ဟုတ်ကဲ့ခင်ဗျ ကျုပ်ကလည်း ပညာရှင်မဟုတ်ပါဘူးဗျာ။
မြင်တာ လေးတွေကို မနေနိုင်မထိုင်နိုင် ကလိုင်ခေါက်တဲ့သဘောပါ။ သင်္ချာဆိုရင် ညံ့ချက်က ချာတူးလန်။ မသိကိန်း မပြောနဲ့ သိတဲ့ကိန်းတောင် အမြီးအမောက် တည့်အောင် မပေါင်းတတ်တာဗျာ။ ၈ တန်းတုန်းက ၂ နှစ်ကျတယ်။ သင်္ချာကို သုညပဲရလို့။ ကျူရှင်ဆရာမေးခွန်းပေါက်လို့ သင်္ချာကို ပါမယ့် ပုစ္ဆာ အလွတ်ကျက် ဖြေပြီး အောင်လာတာ။ သင်္ချာသာ ညံ့တာ။ ၈ တန်း အပြင်ဖြေနဲ့အောင်တော့ စက်မှုအထက်တန်းကျောင်း တက်လိုက်သေးသဗျာ။ စက်မှုကျောင်းလေဗျာ။
သင်္ချာဘာသာရပ် ဘယ်ကင်းပါ့မလဲ။ ဒုတိယနှစ်မှာ မအောင်တော့ဘူး။ အက္ခရာသင်္ချာ နဲ့ ကျတာပဲ။ အဲဒါနဲ့ ၁၀တန်းပဲ ပြန်ဖြေမယ်ဆိုပြီး စက်မှု ကျောင်း ဆက်မတက်တော့ဘူး။ ကျုပ်တို့ခေတ်က ၁၀ တန်းမှာ ရွေးချယ်လို့ ရတဲ့ဘာသာတွဲတွေမှာ စိတ်ကြိုက်မြန်မာစာတွဲဆိုတာယူလိုက်တယ်။ အဲသည့်ဘာသာတွဲက မြန်မာစာ နှစ်ခု၊ အင်္ဂလိပ်စာ နှစ်ခု၊ ပထဝီ၊ သမိုင်း အားလုံး ၆ ဘာသာပဲ။ သင်္ချာမပါဘူး။ ဘာ မသိကိန်းမှလည်း သိစရာမလိုတော့ အဲသလိုနဲ့ ကျုပ် ၁၀တန်းအောင်ခဲ့တာ။ တက္ကသိုလ် အဝေးသင် မေဂျာ ပထဝီရတယ်ဗျ။
အဲသည့်မှာ လာပြီ၊ လောင်ဂျီတွဒ်တွေ လက်တီတွဒ်တွေ တွက်ရ ချက်ရမှာဆိုတော့ နောက်ပြီး တစ်ပတ်တခါ ကျူတိုရီယယ် လက်တွေ့ပါသေးတယ်။ မေဂျာပြောင်းလိုက်တယ်ဗျာ။ သမိုင်းမေဂျာ။ အေးဆေး ကျက်ရုံပဲ။ ဒါလည်း ကျုပ် မအောင်ခဲ့ပါဘူး။ ပထမနှစ်ပါပဲ။ ဆက် မတက်တော့ဘူး။ မြန်မာနိုင်ငံ ပညာရေး ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့၊ ဘွဲ့ရလည်း ဘာမှမဟုတ်ပါဘူးပေါ့။ အဲသလို လွဲခဲ့လိုက်တာ။
နောက်ပိုင်းတော့ ပညာအရည်အချင်းဆိုရင် အဝေး သင် တက္ကသိုလ် သမိုင်းမေဂျာပေါ့။ ခပ်တည်တည်ပဲ။ တကယ်တော့ သမိုင်းဆိုရင် ခဝဲခြံနားက၊ ဘာတာ အုတ်ကျင်း သမိုင်း ဘတ်စ်ကားစပယ်ယာတွေအော်သလောက်ပဲ သိတာပါဗျာ။
အရွယ်သာရောက်လာတယ်၊ အသိပညာ အတတ်ပညာဆိုတာ ဟိုမရောက်၊ သည်မရောက်ပေါ့ ကျုပ်က။ ဒီကြားထဲ မိန်းမကောက်ယူလိုက် သေးသဗျာ။ မိတ်ဆွေဓမ္မဆရာအချို့ထုတ်တဲ့ ခရစ်ယာန်မဂ္ဂဇင်းလေးတစ်ခုမှာကဗျာလေး ဝတ္ထုတိုလေး အက်ဆေးလေး စာညွန့်လေးတွေ ရေးတယ်။ စာမူခလေးအထိုက်အလျောက်ရပါတယ်။ ဘယ်လောက်မှာတုန်းဗျာ။
မိန်းမက ရှာတတ်ဖွေတတ် လုပ်တတ် ကိုင်တတ်လို့တော်သေး။ နောက်တော့ အဲသည့်မဂ္ဂဇင်းကဆရာတွေအဆက်အသွယ်နဲ့ သတင်းထောက်အလုပ်ရခဲ့တယ်။ ပုဂ္ဂလိက သတင်းဂျာနယ်ခေတ်ဦးကာလပေါ့။ လူထုက သတင်းငတ်နေကြတဲ့အချိန် ဆိုတော့ ကျုပ်တို့သတင်းဂျာနယ်တွေ ရွှေခေတ်ပါပဲ။ ကျုပ်က ပုံမှန်လစာရတဲ့ အလုပ်အကိုင်တစ်ခုအနေနဲ့သာ သတင်းထောက်လုပ်ခဲ့တာ အစတုန်းက။
သတင်းပညာလည်းမရှိ၊ သတင်းဆိုတာ ဘာမှန်းလဲ မသိခဲ့ပါဘူး။ သတင်းထောက်အလုပ်အတွက် အင်တာဗျူးမေးခွန်းတွေလည်း တလွဲတွေချည်းပါပဲ၊ ကျုပ် ဖြေခဲ့တာ။ ဒါပေမဲ့ ကျုပ် သတင်းထောက်အလုပ်ရခဲ့တယ်။ ဆရာတွေက သတင်းပညာကို စနစ်တကျသင်ကြားပေးတယ်။ သတင်းပညာသင်ယူနေတုန်းကလည်း ကျုပ်က လွဲတုန်း ချော်တုန်းပဲ။ ကျုပ်ဆရာတစ်ယောက်ဆိုရင် စသင်မယ့်နေ့မှာ သင်တန်းသားတွေကို ဘာစာတွေဖတ်သလဲ မေးတာပေါ့။
ဖြေလိုက်ကြတာ သတင်းနဲ့ဆိုင်ရာ စာအုပ်တွေ။ နာမည်ကြီးသတင်းစာဆရာ၊ ဆရာမကြီးတွေရဲ့နာမည်တွေနဲ့။ လူထုဒေါ်အမာတို့ လူထုဦးလှတို့၊ ဆရာလူထု စိန်ဝင်း၊ ဟံသာဝတီဦးဝင်းတင် စသဖြင့်စုံလို့ပဲ။ ကျုပ်အလှည့်ရောက်တော့ ဘာစာတွေဖတ်သလဲမေးခွန်းကို ကျုပ်ဖြေတာ တာရာမင်းဝေ၊ မင်းခိုက်စိုးစန်။
အဲသလို လွဲခဲ့တာဗျာ။ အမှန်တော့ ကျုပ်က ရှေ့ကလူတွေနဲ့ အဖြေမတူချင်တာ။ လူထုဒေါ်အမာ တို့ကို ကျုပ်သိပါ့၊ ကြားဖူးပါ့ဗျာ။ နည်းနည်းပါးပါးလည်းဖတ် ဖူးတယ် ရွှီးလို့ရပါတယ်။ နို့ပေတဲ့ ကျုပ် အဲသည့်အချိန်မှာ သေချာမှတ်မိနေတာက တာရာမင်းဝေ ရဲ့စာတွေလေဗျာ။ ဆရာက ဆက်မေးရင် ကျုပ် ပြောပြတော့မှာ။ ဆရာက ပြုံးတုံ့တုံ့နဲ့ ဆက်မမေးတော့ ကျုပ်လည်း ဘယ်ပြောရတော့မလဲ။
ကျုပ်တို့သတင်းဂျာနယ်တွေအရှိန်ရလာချိန်မှာ အမေရိကန်သံရုံးရဲ့ ကူညီစီစဥ်မှုနဲ့ အမေရိကန်သတင်းစာဆရာတချို့က သတင်းစာပညာလာသင် ပေးတာရှိခဲ့တယ်။
ရက်တိုသင်တန်းပါပဲ။ သင်တန်းဆင်းလက်မှတ်ရတယ်။ အဲသည့်လက်မှတ်မှာတော့ အင်္ဂလိပ်စာသင်တန်း လို့ပဲ ရေးခဲ့ကြတာပါ။
ရွှေမြန်မာနိုင်ငံတော်ကြီးထဲမှာ လုပ်ခဲ့ကြရတာကိုး။ အဲသည့်အင်္ဂလိပ်စာသင်တန်းဆင်း လက်မှတ်လေးတွေသာ ရခဲ့တာ၊ ကျုပ်ဖြင့် အင်္ဂလိပ်စာဆိုတာလည်း ချာတူးလန်ပါပဲ။
နောက်ပိုင်းနှစ်တွေမှာတော့ ဘန်ကောက်တို့ချင်းမိုင်တို့မှာသင်ပေး တဲ့သင်တန်းတွေကျမှ သင်တန်းဆင်းလက်မှတ်မှာ သတင်းစာပညာသင်တန်း ဆိုပြီးဖော်ပြပေးခဲ့တာပေါ့။ ကျုပ်လည်း သတင်းစာပညာကိုအတော်အသင့်နားလည်တတ်မြောက်လာခဲ့တယ်။ ကျုပ်တို့ဆရာသမားတချို့၊ ပြည်ပအဖွဲ့တချို့ရဲ့ အစီအစဥ်နဲ့ နိုင်ငံ ၆ ခုလောက်မှာ သတင်းစာပညာရပ်ဆိုင်ရာ သင်တန်းတို့၊ ဆွေးနွေးပွဲတို့သွားခဲ့ရဖူးပါတယ်။
သွားခဲ့ရသမျှ ဘာသာပြန်တစ်ခါမှ မပါခဲ့ပါဘူး။ သိတဲ့အတိုင်းကျုပ်ရဲ့အင်္ဂလိပ်စာက သူငယ်တန်းနှစ်ခါကျအဆင့်ဆိုတော့ရက်စ် ဂရိတ်ထ် ဂွတ်ဂျော့ဘ် ပေါ့။ သင်တန်းဆရာ ဆရာမက ကျုပ်ဘက်များ လှည့်လာပြီဆိုလို့ကတော့ သိုင်းကျူး သန့်ခ်စ် နိုးမိုးကွက်စတင် ကြိုပြောလိုက်တာပဲ။သင်တန်းဆရာ ဆရာမတွေနဲ့ အပြင်ထွက် လည်ပတ် စားကြ သောက်ကြလို့ ဘီယာလေးများ နှစ်ခွက်လောက်မော့ပြီးပြီဆိုရင်တော့ ဒွတ် ဒက် ရွှတ် ရှက် ကျုပ်ပါးစပ်က အိန်းဂလိတ်စပိကင်တွေထွက်လာလိုက်တာ ဗဲရီး ဖလူးရန့်စ်ပေါ့ဗျာ။
ခရီးစဥ်တစ်ခုမှာဆိုရင် ညဘက် အရှိန်လေးကောင်းပြီးအိပ်ပျော်သွားချိန် အိပ်မက် ထယောင်တာတောင် အမေဒိကင် စပုတ်ကင်းတဲ့ဗျ။ လေးယောက်တစ်ခန်း အတူအိပ်ကြသူ ဖိုတိုဂျာနယ်လစ်တစ်ဦးကပြန် ပြောပြလို့သိရတာ။
သင်တန်းဆရာ အမေရိကန်ကလည်း ဟုတ်တယ် တဲ့။ ငါ ထကြည့်သေးတယ် တဲ့။ အဲသလိုပါဆို ကျုပ်က။ မှတ်မိသေးတယ်။ ကျုပ်တို့ မြန်မာဂျာနယ်လစ် ရှစ်ယောက် အမေရိကန်သံရုံးနဲ့ မွန်တားနားတက္ကသိုလ်တို့ ပူးပေါင်းအစီအစဥ်အရ မွန်တားနားပြည်နယ်မှာ သင်တန်းတက်ခဲ့တုန်းကပေါ့။ သူတို့အမေဒိကင်တွေအသံထွက်က မွန်ထဲနား လို့ထွက်တာဗျ။
အဲသည်မှာ မစ်ဇူးလာြမို့က တရားရုံး တရားခွင်တစ်ခု အမှုစစ်ဆေးနေတာကို ကျုပ်တို့က လေ့လာသူအဖြစ် တက်ရောက်နားထောင်ခွင့်ရတယ်။ ဘာမှဝင်ရောက်မေး မြန်းခွင့်တော့မရှိပါဘူး။ နှစ်ဘက်ရှေ့နေတွေ အပြန်အလှန်ချေပပြောဆိုကြတာ၊ ဂျူရီလူကြီးတွေနားထောင်ကြတာကို လေ့လာမှတ်သားပေါ့။ သင်တန်းချိန်ပြန်ရောက်ရင် ဆရာတွေနဲ့ပြန်ဆွေးနွေးကြရမှာကိုး။အဲသည့်အမှုက အရက်မူးလွန်ပြီးကားတိုက်မိတဲ့အမှုပါ။
ကျုပ်လည်း နားလည်သလောက် တစ်လုံးစ နှစ်လုံးစ မှတ်စုစာအုပ်ထဲ ရေးမှတ်နေတာပေါ့။ အလုံးစုံတော့ဘယ် သိမလဲဗျာ။ သင်တန်းဆရာတွေပြောတာ နားလည်တယ်ဆိုတာက သူတို့က ရိုးရှင်းတဲ့ အသုံးအနှုန်းလေးတွေနဲ့ ဖြည်းဖြည်းချင်းပြောတာကိုး။ သူတို့အမေဒိကင်တွေအချင်းချင်းပြောနေကြတာကိုတော့ ကျုပ် အကုန်ဘယ်ဖမ်းမိမှာတုန်း။
ကျုပ်ဘေးမှာ ကျုပ်တို့အဖွဲ့က ဂျာနယ်လစ်တစ်ယောက်ကတော့ သူ့မှတ်စုမှာ တောက်လျှောက်ရေး မှတ်နေတာတွေ့တယ်။ ကျုပ်လည်း အံသြပြီး တယ်ဟုတ်ပါလား သူ နားလည်သားပဲဆိုပြီး သူ့ မှတ်စုကို ခေါင်းငဲ့စောင်းကြည့်လိုက်တယ်။ အားပါးပါး ရေးထားတာ အများကြီးဗျာ။ ဗမာလိုရေး မှတ်တာဗျ။
သေချာဖတ်မိတော့ သူရေးထားတာက ဘာတွေပြောနေကြမှန်းလဲမသိဘူး၊ ဘာမှလည်းနားမလည်ဘူး၊ ဘယ်အချိန်ပြီးမလဲ၊ ပျင်းလိုက်တာ…ဆိုပဲ။ ကျုပ်လည်း အသံထွက်မရယ်မိအောင် မနည်းထိမ်းလိုက်ရတယ်ဗျာ။ အဲသည့်တစ်ယောက်က ကျုပ်ထက်အသက်ငယ်ပါတယ်။ ခင်လည်းတော်တော်ခင်ပါတယ်။ အင်္ဂလိပ်စာလည်း ကျုပ်ထက်အများကြီးကောင်းပါတယ်။ မင် မောင်းအပြည့်နဲ့မှတ်စုရေးနေတဲ့အထာကလည်း လူရှိန်တယ်၊ ခန့်ထည်တယ်လေ။
ကျုပ်လည်း အတုယူခဲ့ရတာပါပဲ။ အဲသည့်ညီငယ်လည်း အခုတော့ ထိုင်းမှာရောက်နေပါပြီ။ ကျုပ်တို့ သည်လိုလွဲခဲ့ကြတာတွေက ရီစရာအမှတ်တရတွေဆိုပေမဲ့သေချာပြန်သုံးသပ်ရရင်တော့ သတ်ပုံတွေလွဲခဲ့ကြလို့ပါ။ မသိကိန်းတွေရဲ့တန်ဖိုး အမှန် မရှာနိုင်ခဲ့ကြတာ၊ ရှာခွင့်မသာခဲ့ကြတဲ့ အာဏာရှင်စနစ်ဆိုးအောက်မှာ ဖြတ်သန်း ရုန်းကန်ရှင်သန်ခဲ့ကြရလို့ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်ကာလတိုအတွင်းမှာတော့ ကျုပ်တို့ ရွှေပြည်တော်ကြီးမှာ မသိကိန်းအချို့ရှာလို့တွေ့သလို နေရာမှန်သူ့တန်ဖိုးသူစံ ပြန်ဖြစ်လာတဲ့ အရိပ်အရောင် တွေ့ထိခံစားလိုက်ကြရပါတယ်။ သတ်ပုံတွေ လည်း နည်းနည်းပြန် တည့်လာသလိုမြင်ခဲ့ရပါတယ်။
အားတက်မယ်ကြံရုံရှိသေး ဘာကြာလိုက်လို့တုန်းဗျာ။ ၂၀၂၁ ခုနှစ်ကပြန်စပြီး မသိကိန်းတွေ သတ်ပုံပြန်လွဲချက်က ဟိုးတုန်းကထက် အဆပေါင်းများစွာဆိုးရွားလာတော့တာပဲ။
ကျုပ်တို့တိုင်းပြည်ရဲ့ ပညာရေး၊ စီးပွားရေး၊ ယဥ်ကျေးမှု၊ လူမှုရေး ကျန်းမာရေး နယ်ပယ်အစုံမှာ သတ်ပုံတွေလွဲလာလိုက်တာ တကယ်ကိုမသိ တော့တဲ့ မသိကိန်းတွေ သေချာပေါက်မရှိတော့တဲ့မသိကိန်းတွေ၊ ဘယ်မှာ လိုက်ရှာပြီးဘယ်လိုသတ်ပုံပြန်ပြင်ရမလဲ မစွမ်းသာနိုင်တဲ့အခြေအနေဖြစ် နေကြရတာပါ။
၁၀ တန်းတော့ အောင်မှဖြစ်မယ်၊ ပြန်ဖြေမယ်ဆိုတဲ့လူငယ် တွေမှာလည်း အများစုက စစ်ကျွန်ပညာရေးဆိုပြီး မဖြေကြတော့ဘူး။ မိဘကိုမလွန်ဆန်ချင်သူ လူငယ်တချို့ ၁၀ တန်း ပြန်ဖြေကြပေမဲ့လည်း၊ အောင် ကြပေမဲ့လည်း လွဲနေတဲ့သတ်ပုံတွေက ပြန်မှတည့်မလာတာ။ တချို့ဆိုရင်တက္ကသိုလ်မှာ မေဂျာကောင်းလေးတွေတက်နေတုန်း။
ဝုန်း ဆို တောထဲ ရောက်ကုန်ရော။ အပြောင်အပျက်သဘောဆိုပေမဲ့တကယ်လည်း ဟုတ်နေတဲ့ စကားလေး ခောတ်စားလိုက်သေးတယ်။ လူငယ်တွေ အနာဂတ်ပျောက် နေကြတာကို အင်္ဂလိပ်လိုဘယ်လိုပြောသလဲ…ဝီ လစ်ဗ် အင် မြန်မာ..တဲ့ဗျာ။
ပိုပိုပြီးဆိုးလာလိုက်တာ ၄ နှစ်ကျော် ၅ နှစ်ကာလအတွင်းမှာ မသိကိန်းတွေဟာ သိကိန်းအဖြစ်ဖော်ထုတ်ခံရမှာကိုတောင် စိုးထိတ်နေကြရပြီ။ မလုံခြုံ ကြတော့ဘူး။ သိပ်မကြာသေးခင်က ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေး အစီအစဥ် ယူအင်န်ဒီပီ အစီရင်ခံစာမှာ မြန်မာနိုင်ငံကလူငယ် ၁၀ ဦးမှာ ၄ ဦးက မလုံ ခြုံမှုခံစားနေကြရတယ်လို့ သတင်းတွေကဖော်ပြကြတာတွေ့ရတယ်။
အဲသည့် အစီရင်ခံစာကို ယူအင်န်ဒီပီက ချောက်ကမ်းပါးထက်ကမျိုးဆက် လို့နာမည်ပေးထားတယ်ဆိုပြီးဖော်ပြရေးသားကြပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီး နောက်ပိုင်းမြန်မာလူငယ် ငါးသန်းနီးပါးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု၊ မလုံခြုံမှုကိုထင်ဟပ်နေတယ်လို့ ဘီဘီစီ သတင်းက ဆိုတယ်။ စစ်မှုထမ်းဖို့ဆိုပြီး ပေါ်တာ ဆွဲတာ၊ ပုံစံအမျိုးမျိုးနဲ့ စစ်ဆေးဖမ်းဆီးတာ စတဲ့သတင်းတွေလည်း နေ့စဥ်လို တွေ့မြင်နေကြရတာပဲ။
မြန်မာနိုင်ငံက လူ သုံးဦးမှာ တစ်ဦးက ဝဝလင်လင်မစားနိုင်ကြ တော့ဘူး ဆိုတဲ့ ဒဗလျု အက်ဖ်ပီ နဲ့ အက်ဖ်အေအို စစ်တမ်းအချို့ကိုအခြေခံ ဖော်ပြရေးသားကြတဲ့ သတင်းတွေလည်း တွေ့နေရပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံကို ရသလို ဖြစ်သလိုနည်းလမ်းနဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာ နေကြသူအများစုမှာလည်းလူငယ်တွေပါပဲ။
နယ်စပ်နေရာစုံကနေ ဝင်ရောက် လာနေကြတာ ဟိုမှာ မိပြန်ပြီ၊ သည်မှာမိပြန်ပြီ လူ တစ်ရာ၊ တစ်ရာကျော် ဆိုတဲ့ သတင်းတွေလည်း နေ့တိုင်းလိုလိုဖတ်နေကြရပါတယ်ဗျာ။ ကန်ချနာပူရီ မှာ စမွတ်ဆခွန်မှာ မဟာချိုင်မှာ တာ့ခ်ခရိုင် မဲဆောက်မှာ ဝင်လာရာလမ်းကြောင်းတွေတိုင်းလိုလိုမှာအဖမ်းခံနေကြရတဲ့ ရွှေမြန်မာတွေ။
ကျုပ်မှာဒီစာစုလေး ရေးဖို့ ခေါင်းစဥ်ပေးထားမိတဲ့အတိုင်း မသိကိန်းတွေမှာ သတ်ပုံ စလွဲတာပဲဗျာ။အပေါ်မှာ ကျုပ်ပြောခဲ့သလို ကျုပ်က သင်္ချာညံ့တယ်လေ။ မသိကိန်းဆိုတာ မသိဘူးလေ၊ ရှင်း မပြတတ်ဘူးဗျ။
ရေးကလည်း ရေးချင်ဆိုတော့ သင်္ချာမေဂျာဘွဲ့ရ တူမတစ်ယောက်ကိုအားကိုး တကြီး မေးမိပါတယ်။ သူပြန်ဖြေတာက သမီးလည်း သင်္ချာမေဂျာကို ရလို့သာ ယူခဲ့တာ၊ ဝါသနာမပါဘူး၊ အခုလည်း သမီးမသိတော့ဘူး၊ ဘာမှမမှတ်မိတော့ဘူး..တဲ့။ အေးတာပဲ။ ဒါနဲ့ပဲ ဂူဂဲလ်ကြီးမှာ ရှာ၊ ဝီကီပီးဒီးယားမှာ ရှာပေါ့။
ကျုပ်ပဲ မရှာတတ်တာလား၊ သူရို့ပဲလွဲနေသလားမပြောတတ်ပါဘူး။ သေချာ မတွေ့မိဘူးဗျာ။ ကျုပ် တွေ့တာက ဝီကီပီဒီးယားမှာ Algebra ဟူသောစာလုံး သည် အရဘီဘာသာစာလုံး al-jabr မှဆင်းသက်လာပြီး ပြန်လည်ပေါင်းစည်းခြင်း (Reunion) ဟု ပါရှန်းလူမျိုး သင်္ချာပညာရှင် တစ်ဦးက အေဒီ ၈၀၀ ခုနှစ်က စာတမ်းတစ်ခုမှာ ဖွင့်ဆိုခဲ့သည်..လို့တွေ့ရတယ်။
သင်္ချာဆရာ ဆရာဇော် ဆိုတဲ့ Sayar Zaw-Your Maths Tutor နာမည်နဲ့ပေ့ချ်တစ်ခုမှာလည်း နေ့စဥ်ဘဝထဲကမသိကိန်းတွေ… ဆိုတဲ့ခေါင်းစဥ်အောက်မှာ အခုလို ရေးသားဖော်ပြထားပါတယ်။ သင်္ချာဘာသာရပ်မှာ Algebra ဆိုတဲ့ concept လေးရှိပါတယ်….အဓိပ္ပါယ်ကတော့ Reunion of broken parts ပဲဖြစ်ပါ တယ်။ တစ်နည်းအားဖြင့် Algebra ဆိုတာဟာ မသိကိန်းများကိုရှာဖွေခြင်းပဲ ဖြစ်တယ်တဲ့။ ကျုပ်ကတော့ အခုထိလည်း သင်္ချာ ညံ့နေတုန်းပါပဲ။ အယ်လ်ဂျီဘရာ ဆိုတဲ့ အက္ခရာသင်္ချာ ဆိုရင်ပိုဆိုး။
အပေါ်က ဆရာကတော့ အယ်လ်ဂျီဘရာဆိုတာ မသိကိန်းများကို ရှာဖွေခြင်း၊ ပြန်လည်ပေါင်းစည်းခြင်းလို့ဆိုထားတော့ ကျုပ်တို့တိုင်းပြည်က သတ်ပုံလွဲနေကြရတဲ့ မသိကိန်းများစွာအတွက် ဘယ်လိုပြန်လည်ရှာဖွေကြမလဲ၊ ဘယ်လို ပြန်လည်ပေါင်းစည်းပေးကြမလဲ။ ဘယ်အချိန် ဘယ်သူတွေက သတ်ပုံဘယ်လိုပြင်ပေးနိုင်ကြမလဲဆိုတာ ကျုပ်တို့ တတ်စွမ်းသမျှ အားထုတ်ကြိုးပမ်းနေကြဖို့သိပ်ကို အရေးကြီးနေပြီဖြစ်ပါတယ်။ ။
ကိုအားပို







