BREAKING
October 25, 2025

ထိုင်းဘုရင့်မယ်တော် မိဖုရားကြီးသီရိခေတ် နတ်ရွာစံမှု ဝမ်းနည်းခြင်းကာလမှာ ထိုင်းရောက်မြန်မာတွေ ဘယ်လိုပြုမူသင့်လဲ

October 25, 2025

မဟာချိုင်အခြေစိုက် Labour Rights Foundation အဖွဲ့၏ စည်းရုံးရေးတာဝန်ခံ ကိုဇော်နှင့် ဆက်သွယ်မေးမြန်းခြင်း

ထိုင်းဘုရင် မဟာ ဝချီရာလောင်ကွန်း၏မယ်တော် မိဖုရားကြီး သီရိခေတ်သည် အောက်တိုဘာလ ၂၄ ရက် ည ၉ နာရီ ၂၁ မိနစ်တွင် ချူလာလောင်ကွန်းဆေးရုံ၌ နတ်ရွာစံသည်။

မိဖုရားကြီး နတ်ရွာစံသည့်အပေါ် ပြည်သူများအနေဖြင့် ဝမ်းနည်းခြင်းကာလကို ရက် ၉၀ သတ်မှတ်ထားပြီး ယင်းကာလ အတွင်း အနက်ရောင် သို့မဟုတ် အရောင်ဖျော့ဖျော့ကိုသာ ဝတ်ဆင်ကြရန် ထိုင်းအစိုးရအဖွဲ့က မေတ္တာရပ်ခံ ပန်ကြားထား သည်။

အစိုးရဝန်ထမ်းနှင့် အရာရှိများအနေဖြင့် တစ်နှစ်ပတ်လုံး ဝမ်းနည်းခြင်း ဝတ်စုံများကိုသာ ဝတ်ဆင်ထားရန် ပန်ကြားထား သည်။ အစိုးရရုံးနှင့် ကျောင်းများတွင်လည်း တစ်လအတွင်း နိုင်ငံတော်အလံကို တစ်ဝက်လွှင့်ထူထားရန် ထိုင်းအစိုးရက ညွှန်ကြားထားသလို လာမည့် ရက် ၃၀အတွင်း ကျင်းပရန် ပြင်ဆင်ထားသော ဂီတပွဲတော်နှင့် အခြားပွဲလမ်းသဘင်များကို ရက်ရွှေ့ကျင်းပကြရမည်ဖြစ်သည်။

ယင်းသို့ ဝမ်းနည်းခြင်းကာလတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံများ မည်ကဲ့သို့ သတိပြု ပြုမှုနေထိုင်သင့်သည်များကို သိရှိနိုင်ရန် မဟာချိုင်အခြေစိုက် Labour Rights Foundation အဖွဲ့၏ စည်းရုံးရေးတာဝန်ခံ ကိုဇော်နှင့် ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

DW ။ ဘုရင့်မယ်တော် နတ်ရွာစံလို့ ထိုင်းအစိုးရက ဝမ်းနည်းခြင်းနေ့တွေ သတ်မှတ်ထားတယ်ပေါ့နော်။ ဒီကြားထဲမှာ မြန်မာအလုပ်သမားတွေအနေနဲ့ ဘယ်လိုမျိုး ပြုမူနေထိုင်သင့်လဲ။ ဘာတွေ ရှောင်ရမလဲ။

ဖြေ ။ မြန်မာအလုပ်သမားတွေအနေနဲ့က သူတို့ပြောထားတဲ့အတိုင်း နံပါတ်တစ် ပျော်ပွဲရွှင်ပွဲမလုပ်ဖို့ရယ် အဲဒါမျိုး ရှောင်ရမယ်။ နံပါတ်နှစ်ကကျတော့ သူတို့ သတ်မှတ်ထားတဲ့ အင်္ကျီကို သုံးလ ရက်ပေါင်း ၉၀ မှာ အနက်ရောင် အင်္ကျီဝတ်ပြီးတော့ ဝမ်းနည်းကြောင်းကို အသိအမှတ်ပြုရမယ်။ ဒါတွေကတော့ အဓိက အရေးကြီးဆုံးပဲပေါ့နော်။ ဒီကြားထဲမှာ အစိုးရဘက်က ဘယ်နေ့ ဘာလုပ်မယ့်နေ့ဆိုတာမျိုး ကြေညာလိမ့်မယ်။ ဥပမာ ပန်းပင်တွေ စိုက်တဲ့နေ့တွေ ရှိတယ်။ အရင်ဘုရင်တုန်းကဆိုရင် ရှိခဲ့တယ်ပေါ့နော်။ အဲဒီလိုမျိုးရှိရင် ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းချင်တယ်ပေါ့နော်။ မလိုအပ်ဘဲနဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ ဆောင်းဘောက် (soundbox) ကြီးတွေနဲ့ အကျယ်ကြီးဖွင့်ပြီး မနေဖို့တော့ လိုအပ်တာပေါ့။

DW ။ တကယ်လို့ ဒီကြားထဲမှာ မြန်မာတွေက ပွဲလမ်းသဘင်တွေ ပွဲအခမ်းအနားတွေ လုပ်ဖို့ စီစဉ်ထားရင်ကော ဘယ်လို ဆက်လုပ်သွားသင့်လဲ။

ဖြေ ။ အကယ်၍များ မင်္ဂလာပွဲတွေမျိုး စီစဉ်ထားရင် ဆောင်းဘောက် အကျယ်ကြီးတွေ မဖွင့်ဘဲနဲ့ သိုသိုသိပ်သိပ် လုပ်ကြဖို့ပေါ့နော်။ သူတို့ (မလုပ်ကြဖို့) ပြောထားတာကတော့ ပျော်ပွဲရွှင်ပွဲတွေထဲမှာ‌ ဖျော်ဖြေပွဲတွေပါတယ်။ စတိတ်ရှိုးတွေ ပါတယ်ပေါ့နော်။ ရိုးရာယဉ်ကျေးမှုပွဲတွေပါတယ်။ အဲဒါမျိုးတွေကို ၁၅ ရက် တားမြစ်ထားတယ်ပေါ့နော်။ ကထိန်ပွဲတွေကျတော့ အထဲမှာ အသံအကျယ်ကြီးတွေ မဖွင့်ကြဖို့ရယ်။ လူစုလူဝေးနဲ့ ပျော်ပျော်ပါးပါး ကခုန်နေတာမျိုး မလုပ်ဖို့ရယ်။ ဘုန်းကြီးကျောင်းသွားရင်လည်း သူတို့ပြောထားတဲ့ ဝတ်စုံလေးနဲ့ပဲ အသိအမှတ်ပြု ဝတ်ပေးရင်တော့ သွားတာ ပိုကောင်းမယ်လို့ မြင်တာပေါ့နော်။ မြန်မာဝတ်စုံကြီး ကာလာရောင်စုံတွေနဲ့တော့ မဝတ်ကြနဲ့ပေါ့။

DW ။ လုပ်ငန်းခွင်တွေဖြစ်တဲ့ စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်တွေမှာကော မြန်မာအလုပ်သမားတွေက ထိုင်းလူမျိုးတွေနဲ့ ဘယ်လိုပြုမူပြောဆိုသင့်လဲ။ သတိထားရမယ့် စကားလုံးတွေ အပြုအမူတွေမျိုး ရှိလား။

ဖြေ ။ ဒီဟာတွေနဲ့ကျတော့ စကားပြောဆိုတာ အပြုအမူတွေနဲ့က သိပ်ပြီးတော့ အခက်အခဲမရှိပါဘူး။ ဘာလို့လဲဆို နတ်ရွာစံတာနဲ့ ပက်သက်ပြီး ဘုရင်ကို စော်ကားတဲ့ စကားလုံးတွေ မပါရင် သိပ်ပြဿနာမရှိဘူး။ ဘုရင်ကိုသာ စော်ကားတဲ့ စကားလုံးမျိုးပါသွားရင် အနီးက ထိုင်းလူမျိုးတွေက တိုင်ချက်ဖွင့်တဲ့အခါ ကျွန်တော်တို့ ခံရမှာပေါ့။ အဓိက အရေးကြီးဆုံးကတော့ ဘုရင်ကို စော်ကားတဲ့ ဘယ်ပုဂ္ဂိုလ်မျိုးမဆို သူတို့က လက်မခံဘူး။

DW ။ အများပြည်သူနေရာတွေမှာ သွားလာတာမျိုးဆိုရင်ကော မြန်မာတွေအနေနဲ့ အတတ်နိုင်ဆုံး သတိထားရမယ့်အချက်တွေက ဘာတွေလဲ။

ဖြေ ။ ပြည်သူလူထုကို ပြောထားတာက ဝမ်းနည်းခြင်းနေ့ဖြစ်တဲ့ ရက်ပေါင်း ၉၀ မှာ အနက်ရောင်နဲ့ အရောင်ဖျော့ဖျော့ကိုသာ ဝတ်ပေးဖို့ ဝမ်းနည်းကြောင်း အင်္ကျီကိုသာ ဝတ်ပေးဖို့ ပြောထားတယ်။ ပြောထားတဲ့အခါကျတော့ ကျွန်တော်တို့ ပုံမှန်ဝတ်နေကျ အဝတ်အစုံတွေတော့ ရှောင်ရမှာပေါ့နော်။ သတိထားပြီးတော့ ရှောင်သင့်တယ်လို့တော့ ပြောချင်ပါတယ်။

ပုံစာ – မဟာချိုင်အခြေစိုက် Labour Rights Foundation အဖွဲ့၏ စည်းရုံးရေးတာဝန်ခံ ကိုဇော်

DW ။ ယခင်ဘုရင်ကြီး နတ်ရွာစံတုန်းကဆိုရင်ရော နိုင်ငံအနှံ့မှာ ဘယ်လိုလှုပ်ရှားမှုတွေ ရှိခဲ့လဲ။

ဖြေ ။ ပြီးခဲ့တဲ့ ဘုရင်နတ်ရွာစံတုန်းကဆိုရင် ရပ်ကွက်ထဲမှာ ပူးပေါင်းပြီးတော့ အနက်ရောင်အင်္ကျီတွေ ထုတ်ပေးတယ်။ ရပ်ကွက်အလိုက် သန့်ရှင်းရေးတွေ လိုက်လုပ်ကြတယ်။ အဲဒီလို ရပ်ကွက်ကနေ လုပ်တဲ့ အခါမျိုးဆိုရင် ဝမ်းနည်းကြောင်း ပြသတဲ့အနေနဲ့ တစ်ခုခုလုပ်တာမျိုး ပွဲမျိုးရှိရင် ပူးပေါင်းပါဝင်ပေးကြဖို့ ပြောချင်တယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ဒီဝေလ (မဟာချိုင်) ရပ်ကွက်ထဲမှာ သန့်ရှင်းရေးတွေ လိုက်လုပ်ကြတယ်။ အနက်ရောင်အင်္ကျီဝတ်ပြီးတော့ပေါ့နော်။ ပြီးတော့ မြို့နယ်ရုံးရှေ့မှာ ကန်တော့တာပေါ့နော်။

DW ။ အကယ်၍ ထိုင်းလူမျိုးတွေက ဝမ်းနည်းခြင်းနေ့အတွက် လှုပ်ရှားမှု တစ်ခုခုလုပ်ရင် မြန်မာနိုင်ငံသားတွေ ပါဝင်သင့်လား။ သူလို့လှုပ်ရှားမှုတွေနဲ့ ပက်သက်ပြီး မြန်မာတွေက ဘာတွေ ဆင်ခြင်သင့်လဲ။

ဖြေ ။ ပါဝင်သင့်တယ်ပေါ့နော်။ ထိုင်းလူမျိုးတွေကတော့ တစ်ခုခုလုပ်ရင် လာဖိတ်တာမျိုးတွေရှိရင် ကိုယ်က ပါဝင်ပေးဖို့ပေါ့နော်။ အကယ်၍ မဖိတ်ဘူး သူတို့ဘာသာလုပ်နေတဲ့အခါမျိုး ဥပမာ အိမ်ရှေ့မှာ ဝမ်းနည်းကြောင်း အမှတ်တရ အနေနဲ့ လုပ်ထားတာမျိုးတွေ တွေ့ရင် ကိုယ်က မထီမဲ့မြင် မလုပ်ဖို့ပေါ့နော်။ သူတို့ ပန်းလေးတွေ ချထားတယ်။ ပုံလေးတွေ ချထားတယ်ဆိုရင် ကိုယ်က အသိအမှတ်ပြု အလေးပြုတဲ့ပုံစံမျိုးလေးနဲ့ ဂါရဝထားပြီး သွားလာကြဖို့ပေါ့နော်။ အဲဒါမျိုးတော့ အရေးကြီးတာပေါ့။

DW ။ အခြား ဖြည့်စွက်ပြောချင်တာမျိုး ရှိလား။

ဖြေ ။ အဓိကကတော့ ဝမ်းနည်းကြောင်းနေ့တွေမှာ ကိုယ်တိုင်က ဂရုစိုက်ကြဖို့ပါ။ ဘုရင်တွေရဲ့ ကောင်းမှုတွေကြောင့်ပဲ ကျွန်တော်တို့က ဒီဘက်မှာ နေနေရတာကိုး။ နေရတဲ့အခါကျတော့ သူတို့ကို အလေးနက်ထား တန်ဖိုးထားဖို့ အသိပေးချင်တယ်။ ဥပမာ အိမ်ရှေ့မှာသော်လည်းကောင်း စက်ရုံရှေ့မှာသော်လည်းကောင်း ဝမ်းနည်းကြောင်း အမှတ်တရတွေ ချထားတယ်ဆိုရင် ကိုယ်တိုင်က တွေ့ရင် ဂါရဝပြု အလေးအနက်ထားဖို့ မှာချင်ပါတယ်။