ထိုင်းဘုရင် မဟာ ဝချီရာလောင်ကွန်း၏မယ်တော် မိဖုရားကြီး သီရိခေတ်သည် အောက်တိုဘာလ ၂၄ ရက် ည ၉ နာရီ ၂၁ မိနစ်တွင် ချူလာလောင်ကွန်းဆေးရုံ၌ နတ်ရွာစံကြောင်း ထိုင်းဘုရင့်နန်းတော်က ထုတ်ပြန်သည်။
မိဖုရားကြီး နတ်ရွာစံချိန်တွင် သက်တော် ၉၃နှစ်ရှိပြီဖြစ်သည်။
မိဖုရားကြီးသည် ၂၀၁၉ခုနှစ်မှစ၍ ဆေးရုံတက်ရောက် ကုသနေရသူဖြစ်သည်။ အောက်တိုဘာလ ၁၇ ရက်မှစ၍ သွေးအဆိပ်တက်ရောဂါ ပိုမိုပြင်းထန်လာပြီးနောက် အောက်တိုဘာလ ၂၄ရက်တွင် နတ်ရွာစံကြောင်း ဖော်ပြသည်။
မိဖုရားကြီး နတ်ရွာစံသည့်အပေါ် ပြည်သူများအနေဖြင့် ဝမ်းနည်းခြင်းကို ဖော်ညွှန်း၍ ရက် ၉၀ အတွင်း အနက်ရောင် သို့မဟုတ် အရောင်ဖျော့ဖျော့ကိုသာ ဝတ်ဆင်ကြရန် ထိုင်းအစိုးရအဖွဲ့က မေတ္တာရပ်ခံ ပန်ကြားထားသည်။
အစိုးရဝန်ထမ်းနှင့် အရာရှိများအနေဖြင့် တစ်နှစ်ပတ်လုံး ဝမ်းနည်းခြင်း ဝတ်စုံများကိုသာ ဝတ်ဆင်ထားရန် ပန်ကြားထားသည်။





အစိုးရရုံးနှင့် ကျောင်းများတွင်လည်း တစ်လအတွင်း နိုင်ငံတော်အလံကို တစ်ဝက်လွှင့်ထူထားရန် ထိုင်းအစိုးရက ညွှန်ကြားထားသည်။
ယနေ့ နံနက်ပိုင်းတွင် မိဖုရားကြီးနတ်ရွာစံခဲ့သော ချူလာလောင်ကွန်းဆေးရုံအနီးသို့ ပြည်သူများက ဂါရဝပြု၍ လာရောက်စုဝေးနေသည်ကိုလည်း တွေ့ရသည်။
လာမည့်ရက် ၃၀ အတွင်း ကျင်းပရန် ပြင်ဆင်ထားသော ဂီတပွဲတော်နှင့် အခြားပွဲလမ်းသဘင် အများစုကိုလည်း ရက်ရွှေ့ကျင်းပကြမည်ဖြစ်ကြောင်း ကြေညာထားသည်။
Ref: Thai Enquirer, Khaosod






