မြိတ်နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်း တို့ကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သား သုံးဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
အောက်တိုဘာလ ၂၄ရက် မွန်းလွဲ ၁နာရီဝန်းကျင်တွင် တနင်္သာရီမြို့နယ်၊ မော်တုန်းရွာအခြေစိုက် အမှတ် ၃၀၆ စစ်အာဏာရှင် အမြောက်တပ်ရင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အနောက်မော်တုန်းရွာကို ဒရုန်းဖြင့် ဗုံးနှစ်လုံးကြဲချပြီး လက်နက်ကြီးဖြင့် လည်း ပစ်ခတ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ယင်းသို့ ပစ်ခတ်တိုက်ခိုက်ရာတွင် အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦးပေါင်တွင် လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။
“ဒရုန်းနဲ့ ပစ်ခတ်တုန်းက နေအိမ်သုံးလေးဆောင်ထိတယ်။ ပြီးမှ လက်နက်ကြီးပစ်တယ်။ ထိတဲ့လူကြီးက လက်နက်ကြီး အစထိသွားတယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။
အောက်တိုဘာလ ၂၄ရက် နံနက် ၁၀နာရီခွဲဝန်းကျင်တွင် မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု ပြင်ကြီးလမ်းဆုံရှိ စစ်အာဏာရှင် တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်ပစ်ခတ်ကြောင်း တော်လှန်ရေးတပ်ဖွဲနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
အဆိုပါပစ်ခတ်မှုတွင် စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိသည်ဟု သိရကြောင်း ၎င်းက ပြောသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်အာဏာရှင်တပ်က အနီးဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း အထက်ပါ နီးစပ်သူက ပြောဆိုသည်။
စစ်အာဏာရှင်တပ်က ပစ်ခတ်သည့်လက်နက်ကြီးကျည်တစ်လုံးက မရင်းရွာတွင် ကျရောက်ပေါက်ကွဲပြီး အသက် ၃နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း မရင်းရွာအနီးရှိ မဇောကျေးရွာနေ ဒေသခံတစ်ဦးက ဆိုသည်။
ကလေးတွင် လက်၌ ထိခိုက်ဒဏ်ရာရပြီး ကျန်အမျိုးသားတစ်ဦး၏ ဒဏ်ရာနှင့်ပတ်သက်၍မူ သေသေချာချာ မသိရသေးကြောင်း ၎င်းက ပြောသည်။
အောက်တိုဘာလ ၂၂ ရက်ကလည်း ဇဝဲကျေးရွာအခြေစိုက် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက လက်နက်ကြီးနှစ်လုံး ပစ်ခတ်သဖြင့် ဖာနီရွာရှိ ဒေသခံ ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သေးသည်။







