ပုလောမြို့ ကျောက်စုရပ်ကွက်ရှိ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်တွင် စစ်ကော်မရှင်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် စစ်အာဏာရှင်တပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
အောက်တိုဘာလ ၂၃ရက် နံနက်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်သဖြင့် ပုလောမြို့ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် စစ်အာဏာရှင်တပ်သားတစ်ဦး သေဆုံးသည်ဟု ကြားသိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးကြောင်း ၎င်းက ဆိုသည်။
ကျောက်စုရပ်ကွက် စစ်အာဏာရှင်စစ်ဆေးရေးဂိတ်သည် လက္ကူးရွာမှ ပုလောမြို့သို့အဝင်လမ်းပေါ်တွင် တည်ရှိပြီး စစ်အာဏာရှင်တပ်၏ အမှတ် (၂၈၅) တပ်ရင်းအနီးတွင် ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ပြည်တွင်း သတင်းဌာနတစ်ခုတွင်မူ အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စစ်အာဏာရှင်တပ်သားတစ်ဦး ကျောက်စုဂိတ်မှ ပြန်လာချိန် အ.မ.က (၈) ကျောင်းအနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဖော်ပြသည်။
ပုလောမြို့ပေါ်နှင့် အနီးအနားနေသူ ခြောက်ဦးကို Dawei Watch က ဆက်သွယ်မေးမြန်းရာတွင် အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စစ်အာဏာရှင်တပ်သားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်မှာ မှန်ကန်ကြောင်း ပြောဆိုကြသည်။
သို့ရာတွင် အဆိုပါစစ်ဆေးရေးဂိတ်က မြို့နှင့် အနည်းငယ်အလှမ်းဝေးသည့်အတွက် ပစ်ခတ်ခံရမှု အသေးစိတ်အခြေအနေကို မသိရကြောင်း ၎င်းတို့က ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ပုလောမြို့ပေါ်ရှိ စစ်ကော်မရှင်ခန့် အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကို တော်လှန်ရေးတပ်များက ပစ်ခတ်ရှင်းလင်းခဲ့သလို အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်နဲ့ သားဖြစ်သူ စာတိုက်စာရေး ဦးဝင်းမင်းထွန်းကိုလည်း ပစ်ခတ်ရှင်းလင်းခဲ့သည်။
ထို့အပြင် ယခုနှစ်မတ်လဆန်းကလည်း ပုလောမြို့ပေါ်ရှိ အရက်ဆိုင်တွင် ပျူစောထီးခေါင်းဆောင်နှစ်ဦးနှင့် ပျူစောထီး အဖွဲ့ဝင်တစ်ဦးတို့ကို မြိတ်ခရိုင် PDF အမှတ် (၁) တပ်ရင်းနှင့် မြိတ်ခရိုင် ပကဖ တပ်ဖွဲ့ဝင်များက ပစ်ခတ်ရှင်းလင်းခဲ့သည်။







