အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်သူများနှင့် ထွက်ခွာသူများကို ခြေရာခံမှတ်တမ်းတင်နိုင်ရန် အမေရိကန်လေဆိပ်များနှင့် အခြားနယ်စပ်ထွက်ပေါက်များတွင် မျက်နှာမှတ်မိနိုင်သည့် နည်းပညာစနစ်ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသွားတော့မည် ဖြစ်သည်။
ယင်းမှာ ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုနှင့် နိုင်ငံကူးလက်မှတ်အတုအသုံးပြုခြင်းတို့ကို တားဆီးရန် ဖြစ်ကြောင်း အမေရိကန်အစိုးရက အောက်တိုဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် စတင်အသက်ဝင်မည့် စည်းမျဉ်းအသစ်တစ်ရပ်အရ အမေရိကန်နယ်စပ် အာဏာပိုင်များအနေဖြင့် လေဆိပ်နှင့် အခြားနယ်စပ်ထွက်ပေါက်ဝင်ပေါက်များ၌ အမေရိကန်နိုင်ငံသားမဟုတ်သူများ၏ ဓာတ်ပုံကို ရိုက်ယူထားခွင့် ရှိလာမည် ဖြစ်သည်။
အဆိုပါ စည်းမျဉ်းအသစ်အရ အမေရိကန်နိုင်ငံသားမဟုတ်သည့် ခရီးသွားများ၏ လက်ဗွေရာ သို့မဟုတ် DNA ကဲ့သို့သော အခြားဇီဝအချက်အလက်များကိုပါ အာဏာပိုင်များက တောင်းခံနိုင်ခွင့်ရှိကြောင်း သိရသည်။
အဆိုပါ စည်းမျဉ်းအရ ယခင်က ချန်လှပ်ထားခဲ့သည့် အသက် ၁၄ နှစ်အောက် ကလေးငယ်များနှင့် အသက် ၇၉ နှစ်အထက် သက်ကြီးရွယ်အိုများကိုပါ မျက်နှာမှတ်မိသည့် နည်းပညာအသုံးပြု၍ မှတ်တမ်းတင်စစ်ဆေးရန် နယ်စပ်အရာရှိများကို ခွင့်ပြုလိုက်သည်။
ယင်းသို့ နယ်စပ်စည်းမျဉ်းများ ပိုမိုတင်းကျပ်လာမှုက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုကို ဖြိုခွင်းရန် ပိုမိုအားထုတ်ကြိုးပမ်းလာနေသည်ကို ပြသကြောင်း Reuters သတင်းတွင် ဖော်ပြသည်။
အမေရိကန်လေဆိပ်များတွင် ယင်းသို့ မျက်နှာမှတ်မိသည့်နည်းပညာကို တိုးမြှင့်အသုံးပြုလာခြင်းက ပုဂ္ဂိုလ်ရေးအချက်အလက်လုံခြုံမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ တိုးပွားလာစေကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။
အဆိုပါ မျက်နှာမှတ်မိနိုင်သည့်နည်းပညာက လူမည်းများနှင့် အခြားလူနည်းစုအုပ်စုများကို မှားမှားယွင်းယွင်း ဖော်ပြသတ်မှတ်နိုင်ခြေ ပိုများကြောင်းလည်း ၂၀၂၄ ခုနှစ်က အစီရင်ခံစာတစ်ခုက ဆိုသည်။
Source: Reuters







