BREAKING
October 19, 2025

ထားဝယ်တွင် ထီးဖြူဆောင်းပြီး ပလ္လင်ပေါ်တရားဟောသည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

September 25, 2025

ထားဝယ်မြို့ပေါ်တွင် ထီးဖြူဆောင်းပြီး ပလ္လင်ပေါ် တရားဟောလေ့ရှိသည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထားဝယ်ဒေသခံ သံဃာအသိုင်းအဝိုင်းထံမှ သိရသည်။

ဝဲကျွန်းရပ်ကွက် လေယာဥ်ကွင်းလမ်းတွင် တည်ထောင်ဖွင့်လှစ်ထားသည့် ယထာဘူတ ပဋိပတ္တိသာသနာ့ရိပ်သာ ဦးဆောင်သူ အသက် ၅၀ ဝန်းကျင်အရွယ် ဦးရည်ချင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သံဃာအချို့က မိန့်သည်။

ဦးရည်ချင်းကို ယနေ့ စက်တင်ဘာလ ၂၅ ညနေ ၄ နာရီခန့်တွင် သာသနာရေးတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့က ရိပ်သာအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီး သာသနာဆိုင်ရာပြစ်မှု ပုဒ်မ ၂၉၅ (က)ဖြင့် ကနဦး တရားစွဲဆိုထားကြောင်း ထားဝယ်မြို့ခံ ရဟန်းတစ်ပါးက မိန့်ကြားသည်။

“ရဟန်းသံဃာတော်တွေကိုင်တဲ့ ယပ်တောင်ကို ကိုင်ပြီးတရားဟောတယ်။ သာသနာတော်ရဲ့ အထွဋ်အထိပ်ဖြစ်တဲ့ ထီးဖြူမိုးပြီး တရားဟောတယ်။ရဟန်းသံဃာတော်တွေ အသုံးပြုတဲ့ ပလ္လင်ပေါ်ထိုင်ပြီး တရားဟောတယ်။ ရဟန်းအသွင် အယောင်အဆောင် အတုခိုးတယ်။ နံပါတ် ၅ ကတော့ ဂိုဏ်းဖွဲ့တာပေါ့” ဟု အထက်ပါ ရဟန်းက မိန့်ကြားသည်။

အဆိုပါ ရိပ်သာအတွင်း ထီးဖြူမိုးပြီး ပလ္လင်ပေါ်တရားဟောနေသည့် ဦးရည်ချင်း၏ ဓာတ်ပုံများ ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့လာပြီးနောက် ထားဝယ်ဒေသခံ သံဃာတော်များ၏ တိုက်တွန်းမှုအရ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သံဃာအသိုင်းအဝိုင်းထံမှ သိရသည်။

ယုံကြည်ကိုးကွယ်ရာ ဘာသာတစ်ခုခုကို စော်ကားသူ သို့မဟုတ် စော်ကားရန် အားထုတ်သူကို ပုဒ်မ ၂၉၅(က)ဖြင့် တရားစွဲဆိုနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ်၂ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း သာသနာဆိုင်ရာ ပြစ်မှုများတွင် ရေးသားဖော်ပြထားသည်။

ဖမ်းဆီးခံရသူသည် ထားဝယ်ဒေသခံ မဟုတ်ကြောင်းသိရသော်လည်း မည်သည့်ဇာတိဖြစ်ကြောင်းနှင့် လက်ရှိ တွင် မည်သည့်နေရာ၌ ဖမ်းဆီးထားသည်ကို အတိအကျ မသိရသေးပေ။

ဦးရည်ချင်း ဦးဆောင်သည့် အဆိုပါရိပ်သာတွင် တရားစခန်းဝင်သူနှင့် သီလဆောက်တည်သူ ပုံမှန်ရှိကြောင်း ဝဲကျွန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ရှိနေတာက ဆယ်နှစ်လောက်ရှိပြီ။ နယ်ဘက်ကလူတွေ လာတာများတယ်။ သူတို့မှာလည်း စာရင်းဇယားနဲ့ ဒီလ ဆယ်ရက်ဆို ဆယ်ရက် (တရားစခန်း) ၊ သုံးရက်ဆို သုံးရက်ရှိတယ်” ဟု ၎င်းက ပြောသည်။

ဦးရည်ချင်းသည် ယထာဘူတ ပဋိပတ္တိသာသနာ့ရိပ်သာ စတင်တည်ထောင်သူ မဟုတ်ဘဲ ၎င်းမတိုင်မီ ဦးဆောင်သူများ ရှိသေးကြောင်း မြို့ခံများထံမှ သိရသည်။

၎င်းအား သာသနာဆိုင်ရာ ပြစ်မှုမြောက်နိုင်သည့် လုပ်ရပ်များ ဆက်မလုပ်ရန် ယခင်နှစ်က ပုဂ္ဂလိက သွားရောက် သတိပေးခဲ့ဖူးသော်လည်း ရပ်တန့်ခြင်းမရှိခဲ့ကြောင်းလည်း အထက်ပါရဟန်းက မိန့်ကြားသည်။

“ဒကာကြီး လုပ်တာမှားနေတယ်ဆိုပြီး သတိပေးသေးတယ်။ ဒါပေမဲ့ ပိုပိုပြီးဆိုးလာတယ်။ ထားဝယ်မှာကတော့ ထူးထူးခြားခြား အဲဒီလိုလုပ်နေတာ သူတစ်ယောက်ပါပဲ” ဟု ၎င်းက မိန့်ကြားသည်။

ဓာတ်ပုံမှတ်တမ်းများအရ ဦးရည်ချင်းသည် ပလ္လင်ပေါ် တရားဟောနေသည်ကို တွေ့ရှိရပြီး ပလ္လင်သို့ သွားရာ လမ်းတစ်လျှောက်တွင်လည်း ထီးဖြူမိုးပေးခြင်း၊ ကြာပန်းပုံစံ ခြေနင်းများပေါ်တွင် လမ်းလျှောက်ခြင်း၊ ဧည့်ပရိတ်သတ်များက လက်အုပ်ချီ ရှိခိုးခြင်းများ တွေ့ရသည်။

ယထာဘူတပဋိပတ္တိသာသနာ့ရိပ်သာ ဆောက်လုပ်ထားသည့်မြေနေရာသည် ယခင်က ရပ်ကွက်ပိုင် ဓမ္မာရုံမြေနေရာဖြစ်ပြီး အဆိုပါ ရိပ်သာတည်ထောင်သူက ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ရဟန်းတော်က မိန့်ကြားခဲ့သာ်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရိပ်သာဦးဆောင်သူ ဖမ်းဆီးခံရခြင်းနှင့် ရိပ်သာလည်ပတ်အလုပ်လုပ်ပုံကို မေးမြန်းနိုင်ရန်အတွက် ယထာဘူတ သာသနာ့ရိပ်သာတာဝန်ရှိသူများထံ မေးမြန်းနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်ကလည်း ထီးဖြူဆောင်ပြီး ပလ္လင်ပေါ် တရားဟောသည့် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှီးပဒေါရွာက အမျိုးသမီးကြီးတစ်ဦး ဖမ်းဆီးခံရသေးသည်။