တနင်္သာရီမြို့နယ်၊ တကူကျေးရွာနှင့် ဇဝဲကျေးရွာလမ်းပိုင်းရှိ ကွမ်းတစ်ပင်ခဲမိုင်းတွင် ခဲရှာဖွေသူဒေသခံတစ်ဦး တောင်ကမ်းပါးကို ရေပန်းဖြင့်ထိုးစဥ် ကျောက်လုံးလိမ့်ကျလာပြီး ထိခိုက်သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာလ ၂၄ရက် နံနက်တွင် အဆိုပါခဲမိုင်း၌ တောင်ကမ်းပါးကို ရေပန်း (ရေပိုက်ကြီး) ဖြင့် ထိုးစဥ် ကျောက်လုံး လိမ့်ကျလာပြီး ရေပန်းထိုးနေသည့် ဦးအေးကို၏ ခန္ဓာကိုယ်ကိုထိပြီးနောက် အောက်ဘက်ရှိ အမျိုးသားတစ်ဦးလည်း ထိသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဒဏ်ရာရသူနှစ်ဦးကို ခဲမိုင်းမှ ရွာသို့ထမ်း၍ ပြန်သယ်ထုတ်လာစဥ် လမ်းပိုင်းရှိ တရုတ်ဂိတ်အနီးအရောက်တွင် ဦးအေးကို သေဆုံးကြောင်း ၎င်းက ဆိုသည်။
“တစ်ယောက်က နာသွားတယ်။ အခုဆုံးတဲ့သူ အရင်ထိပြီးမှ ကျောက်လုံးက အောက်ဘက်လူး(လှိမ့်)လာပြီး သူပါ ထပ်ဖိတယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။
သေဆုံးသွားသည့် ဦးအေးကိုမှာ အသက်၃၅နှစ်အရွယ်ဖြစ်ပြီး ဒဏ်ရာရသူကိုမူ မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။
“(နောက်တစ်ဦး) နည်းနည်းပါးပါး နာသွားတယ်။ အခုထိတော့ မတ်တပ် မရပ်နိုင်သေးဘူး။ နှစ်ယောက်စလုံးက တကူရွာသားတွေပဲ” ဟု ဒေသခံ အခြားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၂ရက်ကလည်း တနင်္သာရီမြို့နယ်ရှိ သိန္ဓောခဲမိုင်းတွင် မြေပြိုကျပြီး မြေကြီးဖိမိကာ တကူဒေသခံတစ်ဦး သေဆုံးခဲ့သေးသည်။