သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာသားနှစ်ဦး ဝင်းဝတံတား စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်အနီးတွင် စက်တင်ဘာလ ၂၃ရက် ညနေပိုင်းက ဖမ်းဆီးထိန်းသိမ်းခံရကြောင်း ဒေသခံအချို့က ပြောသည်။
ကနက်သီရိရွာမှ စုံစင်ရွာဘက်သို့သွားပြီး ပြန်လာစဉ် ညနေ ၆ နာရီကျော်သွားသည်ဆိုပြီး ဝင်းဝတံတားစစ်ဆေးရေး ဂိတ်အနီး ဝင်းဝသင်္ချိုင်းနားတွင် ဂိတ်ချထားသည့်တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။
“သူတို့ပြန်လာတာ နည်းနည်း နောက်ကျနေပြီ။ ညနေ ၆ နာရီလောက်ဆို ဒီလမ်းတွေက ကားရောလူရော မထွက်ကြတော့ဘူး၊ မသွားကြတော့ဘူး။ သူတို့ပြန်လာချိန် နည်းနည်းမှောင်စ ပြုနေပြီဆိုတော့ ဖမ်းထားလိုက်တယ် ပြောတယ်” ဟု ကနက်သီရိကျေးရွာမှ အမျိုးသားတစ်ဦးက ပြောဆိုသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသူနှစ်ဦးမှာ ကနက်သီရိရွာ ပိန္ဒဲရပ်ကွက်က အသက် ၃၀ အရွယ်လူငယ်နှစ်ဦးဖြစ်ပြီး မိဘများက လိုက်လံစုံစမ်းမေးမြန်းနေဆဲဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း မင်းဒပ်ရွာသားတစ်ဦး မှောင်ရီပျိုးစအချိန် ဂိတ်ကိုဖြတ်စဉ် ဝင်းဝသင်္ချိုင်းမှာ တပ်စွဲထားသည့် စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သေးကြောင်း ဆွေမျိုးနီးစပ်သူ မင်းဒပ်ရွာမှ အမျိုးသားတစ်ဦးက ပြောဆိုသည်။
“သူလည်း အဲဒီနေ့က မှောင်စပျိုးချိန်မှာ ဆိုင်ကယ်စီးပြန်လာတော့ ဝင်းဝသင်္ချိုင်းနားက စစ်သားတွေကဖမ်းထားလိုက်တယ်၊ ရိုက်နှက်ထုထောင်းထားတာ မနည်းဘူး၊ အခုအထိ ဆေးကုနေရတယ်” ဟု ၎င်းက ပြောသည်။
သရက်ချောင်းမြို့မှ ပလောက်အထိ ထားဝယ်-မြိတ်သွားကားလမ်းတွင် စစ်ကော်မရှင်၏ ဝင်းဝစခန်းတစ်ခုသာ ကျန်ရှိပြီး ယခုနှစ်ထဲတွင် ဝင်းဝသင်္ချိုင်းတွင်ပင် စစ်ဆေးရေးဂိတ် နောက်တစ်ဖွဲ့ထပ်တိုးလာကြောင်း အထက်ပါ အမျိုးသားက ပြောဆိုသည်။







