BREAKING
October 19, 2025

ဇလွန်းတောရဘုန်းကြီးကျောင်း အမည်ကိုသုံးပြီး ထားဝယ်မြို့ပေါ်တွင် လိမ်လည်အလှူခံ

September 25, 2025

ထားဝယ်မြို့နယ်၊ ဇလွန်းကျေးရွာတွင်ရှိသော ဇလွန်းတောရဘုန်းကြီးအမည်ကို အလွဲသုံးစားပြုလုပ်ပြီး ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် လိမ်လည်အလှူခံမှုများရှိနေကြောင်း ဇလွန်းတော်ရဆရာတော်၏ တပည့်ဒါယာကာများက ပြောသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်ကစပြီး ယင်းသို့အလှူခံနေသည်ကို ကြားသိရခြင်းကြောင့် စောင့်ကြည့်နေရာမှ ယနေ့ စက်တင် ဘာလ ၂၅ ရက် နံနက် ၉ နာရီခန့်တွင် မြို့ပေါ်အလှူခံနေသည်ကို တွေ့ရှိကြောင်း တပည့်ဒါယာကာ တစ်ဦးက ဆိုသည်။

ထားဝယ်မြို့၊ မြို့သစ် ၈ လမ်းအတွင်း အသက် ၄၀ ဝန်းကျင်အရွယ်ရှိ အမျိုးသမီးနှစ်ဦးသည် ဇလွန်းတောရ ဘုန်းကြီးကျောင်း၏ အလှူခံဟုပြောဆိုကာ တစ်အိမ်ဝင် တစ်အိမ်ထွက် အလှူခံနေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“တွေ့လို့ ခေါ်မေးလိုက်တော့ ဇလွန်းတောရကျောင်းကလို့ ပြောတယ်။ ဒီကျောင်းမှာ ဘာလုပ်နေလည်းလို့မေးတော့ တရားစခန်းတွေ၊ ကျောင်းတွေ ဆောက်နေတယ်၊ ဒါ့ကြောင့် အလှူခံတယ်” ဟု လိမ်လည်ပြောဆိုကြောင်း အထက်ပါ အမျိုးသားက ပြောသည်။

ယင်းအမျိုးသမီးနှစ်ဦးအား ဆက်လက်မေးမြန်းရာတွင် ဇလွန်းတောရကျောင်း အမည်အသုံးပြု၍ လိမ်လည် အလှူခံနေသည် ဆိုခြင်းမှာ မှန်ကန်ကြောင်း ဝန်ခံကြောင်း ၎င်းက ဆိုသည်။

အလှူခံသည့်အဖွဲ့တွင် အမျိုးသမီးခြောက်ဦးရှိပြီး ၎င်းတို့ကို အောင်ကျော်ဆိုသည့် အမျိုးသားက ဦးဆောင်ခိုင်းစေခြင်း ဖြစ်ကြောင်း အလှူခံအမျိုးသမီးများ၏ ပြောဆိုချက်ကို အခြေခံကာ ဆရာတော်၏ တပည့်ဒကာ ဖြစ်သူက ပြောဆိုသည်။

အလှူခံရငွေများကိုလည်း အောင်ကျော်ဆိုသူထံ နေတိုင်းအပ်နှံရကာ အောင်ကျော်က ၎င်းတို့ကို တစ်ရက် ၅၀၀၀ကျပ်နှင့် ထမင်းကျွေးကာ လိမ်လည်အလှူခံခိုင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သူတို့အဖွဲ့မှာ ထားဝယ်အမျိုးသမီးတစ်ယောက်ပဲ ပါတယ်။ အဲဒီအမျိုးသမီးကလည်း ဒီအဖွဲ့ထဲရောက်လာတာ နှစ်ပတ်ပဲ ရှိသေးတယ်လို့ ပြောတယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။

၎င်းတို့အဖွဲ့၏ စုရပ်မှာ ထားဝယ်မြို့ ရွှေတောင်စားစေတီနှင့် လောကမာရ်ဇိန်ဘုရားကြီးဝင်းအတွင်းဖြစ်ပြီး ယနေ့ အလှူခံ ရငွေများကိုလက်ခံရန် အောင်ကျော် ဆိုသူက ဘုရားကြီးဝင်းအတွင်း စောင့်နေမည်ဟု ချိန်းဆိုထားကြောင်း ဆိုသည်။

ငွေအလှူခံသည့် အမျိုးသမီးနှစ်ဦးကို လက်ရှိတွင် မေးမြန်းနေဆဲဖြစ်ကြောင်း တပည့်ဒါယာကာများထံမှ သိရသည်။

ဇလွန်းတောရကျောင်းအနေဖြင့် ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများသို့ မည်သည့်အလှူခံအဖွဲ့ကိုမျှ စေလွှတ် ထားခြင်း မရှိ၍ ဇလွန်းတော်ရကျောင်းအမည်နှင့် အလှူခံမှုများကို သတိထားကြရန် ဇလွန်းတောရကျောင်း ဆရာတော်၏ ဒါယာကာများက တိုက်တွန်းထားသည်။

ထားဝယ်ဒေသတွင် ဝါတွင်းကာလပတ်လုံး အကြိုအဖိတ်နေ့နှင့် အဖိတ်နေ့များတွင် ဒေသတွင်း ကျော်ကြားသည့် ဘုရားများ ဥပဿာကအဖွဲ့များ၊ ‌မြို့ခံဥပဿာကအဖွဲ့များက မြို့တွင်း အလှူခံထွက်ကြလေ့ရှိကြသည်မှာ ဒေသအစဉ်အလာတစ်ခုလည်း ဖြစ်သည်။

ယင်းကဲ့သို့ ဒေသအစဥ်အလာအပေါ် ယခုကဲ့သို့ လိမ်လည်အလှူခံ ကိုယ်ကျိုးရှာသူများက အခွင့်ကောင်းယူ အသုံးချလာသည့် အပေါ်လည်း သတိမူရန်လိုပြီး ဖော်ထုတ်ပေးရန်လိုကြောင်း မြို့ခံများက ဆိုသည်။