ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်စစ်သားများ ဖိလစ်ပိုင်သွားမည်

September 25, 2025

ပုံစာ - မနီလာမြို့တွင် ထိုအချိန်က ဂျပန်ဝန်ကြီးချုပ် Fumio Kishida ကို ကြိုဆိုရန် ဖိလစ်ပိုင်ရေတပ်မှ တပ်ဖွဲ့ဝင်များ စစ်ရေးပြလမ်းလျှောက်နေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - Ted Aljibe/AFP

ဂျပန်နှင့် ဖိလစ်ပိုင်အကြား အရေးကြီးကာကွယ်ရေး သဘောတူစာချုပ်တစ်ခု ယခုလတွင် စတင်အသက်ဝင်လာခဲ့ပြီးနောက် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်စစ်သားများ ဖိလစ်ပိုင်မြေပေါ်သို့ ပြန်လည်ရောက်ရှိလာတော့မည် ဖြစ်သည်။

Reciprocal Access Agreement (RAA) ဆိုသည့် ယင်းကာကွယ်ရေးစာချုပ်အရ ဂျပန်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုလွယ်ကူချောမွေ့လာမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

အဆိုပါ စာချုပ်အရ ဂျပန်သည် အင်ဒို-ပစိတ်ဖိတ်ဒေသအတွင်း လုံခြုံရေးဆိုင်ရာ အရေးကြီးမိတ်ဖက်နိုင်ငံတစ်ခု ဖြစ်လာသည်ဟုလည်း ကျွမ်းကျင်သူများက ဆိုကြောင်း South China Morning Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါ ကာကွယ်ရေးသဘောတူစာချုပ်ကို ပြီးခဲ့သည့်နှစ်က ဖိလစ်ပိုင်နိုင်ငံ ၊ မြို့တော်မနီလာတွင် ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Gilberto Teodoro Jnr နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoko Kamikawa တို့က လက်မှတ်ရေးထိုးခဲ့သည်။

ယင်းအခမ်းအနားသို့ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jnr ကိုယ်တိုင် တက်ရောက်ခဲ့သည်။

အဆိုပါ သဘောတူစာချုပ်ကို ဖိလစ်ပိုင်ဆီးနိတ်လွှတ်တော်က အတည်ပြုပြီး ၆ လအကြာ ဂျပန်လွှတ်တော်က ယခုနှစ် ဇွန်လက အတည်ပြုခဲ့သည်။

ယင်းကြောင့် စာချုပ်မှာ ယခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က စတင်အသက်ဝင်လာခဲ့သည်။

စာချုပ်အရ နှစ်နိုင်ငံအကြား ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ၊ ဘေးအန္တရာယ်အခြေအနေ အရေးပေါ်တုံ့ပြန်မှုနှင့် နှစ်နိုင်ငံတပ်ဖွဲ့များ အပြန်အလှန်ချထားမှုလုပ်ငန်းစဉ်များ လွယ်ကူချောမွေ့လာမည် ဖြစ်သည်။

ယင်းနှင့် အလားသဏ္ဍာန်တူသည့် ကာကွယ်ရေးစာချုပ်များကို ဂျပန်က ဩစတြေးလျ ၊ ယူကေနိုင်ငံတို့နှင့်လည်း ချုပ်ဆိုထားသည်။

အာရှတွင်မူ ဖိလစ်ပိုင်နှင့် ပထမဆုံး ချုပ်ဆိုခြင်း ဖြစ်သည်။

ဂျပန်သည် ဒုတိယကမ္ဘာစစ်အတွင်း ဖိလစ်ပိုင်ကို သိမ်းပိုက်ခဲ့ဖူးသည်။

အဆိုပါ စာချုပ်ကြောင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဖိလစ်ပိုင်နိုင်ငံသို့ ဂျပန်တပ်ဖွဲ့များ ပြန်ရောက်လာတော့မည်ဟု South China Morning Post သတင်းဌာနက ဖော်ပြသည်။

လက်ရှိတွင် အာရှတိုက်ရှိ အမေရိကန်၏ အနီးကပ်ဆုံးမဟာမိတ်နိုင်ငံများအနက် ဂျပန်နှင့် ဖိလစ်ပိုင်လည်း ပါဝင်သည်။ ယင်းနှစ်နိုင်ငံစလုံးသည် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ နိုင်လိုမင်းထက် ပိုမိုလုပ်ဆောင်လာမှုများကို ဆန့်ကျင်လျက်ရှိသည်။

ဖိလစ်ပိုင်သည် ၎င်း၏ ကာကွယ်ရေးလိုအပ်ချက်များအတွက် ဂျပန်အပေါ် ပိုမိုမှီခိုလာရပြီး နှစ်နိုင်ငံတပ်ဖွဲ့များအကြား ရေရှည်နှင့် မကြာခဏ ပူးပေါင်းဆောင်ရွက်မှုများ ပိုလိုအပ်လာနေကြောင်း Hudson Institute မှ ဧည့်သုတေသီ Satoru Nagao က ဆိုသည်။

Source: Reuters