ONE Friday Fights 126 ရဲ့ဆဌမမြောက်တွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ရမယ့် ထိုင်းဝါရင့်ဖိုက်တာကြီး ဆမ်အေနဲ့ တက်သစ်စ မြန်မာဖိုက်တာလေး သွေးလင်းထက်တို့ရဲ့ ပွဲစဉ်ကို ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။
ဆဌမမြောက်တွဲဆိုင်းဖြစ်တဲ့အတွက် ဆမ်အေနဲ့ သွေးလင်းထက်တို့ရဲ့ ပွဲစဉ်ကို မြန်မာစံတော်ချိန် ည ၉ နာရီမထိုးခင်မှာ ရှုစားကြရမှာပါ။
သွေးလင်းထက် ဟာ ဆမ်အေနဲ့ပွဲစဉ်အတွက် ကြောင်လက်သည်းဝှက်သလို ပြင်ဆင်နေပါတယ်။ ပွဲကြိုပြောစကားဆိုလို့ သွေးလင်းထက်ဆီက သေသေချာချာ တိတိပပ ဘာတစ်ခုမှ မကြားရသေးပါဘူး။
ထိုင်းဖိုက်တာ ဆမ်အေကတော့ One Championship Thailand အပါအဝင် Thai Fight Media အတော်များများကို ပွဲကြိုပြောစကားတွေ ဖြေကြားပေးထားတာ မြင်တွေ့ရပါတယ်။
One Championship Thailand နဲ့အင်တာဗျူးမှာဆိုရင် “ဒီပွဲမှာ သွေးလင်းထက်ကို မွေထိုင်းအစစ်က ဘာလဲဆိုတာ သိသွားအောင် သူလုပ်ပြမယ်”၊ “ထိုင်းဖိုက်တာတွေကို သွေးလင်းထက် ဆက်တိုက်နိုင်ခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ ဒါမျိုးတွေ ထပ်ဖြစ်လာစရာ ဘာအကြောင်းမှ မရှိတော့ပါဘူး”စသဖြင့် ဆမ်အေက ဖြေကြားပေးခဲ့တာပါ။
အခု ပွဲကြိုအင်တာဗျူးမှာဆိုရင်လည်း ဒီတစ်ကြိမ်ထိုးရမယ့်ပွဲက ကစ်ဘောက်ဆင် မဟုတ်ဘဲ သူပိုင်နိုင်လှတဲ့ မွေထိုင်းဖြစ်နေလို့ အရမ်းပဲ ဝမ်းသာမိကြောင်း ဆမ်အေက ပြောသွားခဲ့ပြီး သူ့အသက်က ၄၂ နှစ်ထဲကို ရောက်နေပြီဖြစ်ပေမယ့် သူ မအိုသေးဘူးဆိုတာကို ဒီပွဲမှာ ပရိသတ်တွေ မြင်တွေ့ရလိမ့်မယ်လို့ ဆမ်အေက အသိပေးသွားခဲ့ပါတယ်။
အခုမတိုင်ခင် ထိုးခဲ့ရတဲ့ ဒီဘယ်လာနဲ့ပွဲမှာ ကစ်ဘောက်ဆင်နည်းနဲ့ယှဉ်ပြိုင်ခဲ့ရသလို ပထမပွဲချီမှာတင် သူ့အနေနဲ့ မမှားသင့်တဲ့အမှားကို လုပ်လိုက်မိလို့ ရှုံးပွဲကြုံသွားခဲ့ရတာဖြစ်ကြောင်း ဆမ်အေက ရှင်းပြထားပါတယ်။
သွေးလင်းထက်နဲ့ သူ့အကြားမှာ အသက် ၂၀ ကွာဟချက်ရှိပေမယ့် ဒီလိုလူငယ်ဖိုက်တာတွေကို ဘယ်လိုရင်ဆိုင်ရတယ်ဆိုတာ သူက ကောင်းကောင်းကြီး နားလည်ပြီးသားဖြစ်လို့ ပွဲအတွက် စိတ်မပူလှတဲ့အကြောင်း ဆမ်အေက ပြောသွားခဲ့ပါတယ်။
ဆမ်အေရဲ့ ပွဲကြိုအင်တာဗျူး ဖြေကြားချက်
“သွေးလင်းထက်နဲ့ကစားရမယ်လို့ ကျွန်တော်သိလိုက်ရတဲ့အချိန်မှာ အရမ်းပဲ အံ့အားသင့်သွားခဲ့ရပါတယ်။ သူက တကယ်တော်တဲ့ လူငယ်ဖိုက်တာလေးတစ်ယောက်ပါပဲ။ မွေထိုင်းဖိုက်တာ ၅ ယောက်ကိုတောင် သူက အနိုင်ယူပြထားတယ်လေ။ ကစားပုံကို မှန်းဆလို့ မရနိုင်လောက်အောင် သူက အပြောင်းအလဲလုပ်နိုင်စွမ်းရှိသလို သူ့ရဲ့လက်သီးထိုးချက်နဲ့ ခြေကန်ချက်တွေက တကယ့်ကို ကြောက်စရာပါပဲ။ သွေးလင်းထက်ရဲ့အားသာချက်က သူ့မှာ ကိုယ်ပိုင်ကစားဟန်ရှိနေတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပွဲအတွက် ကျွန်တော့်ဆီမှာ ဘာဖိအားမှ ရှိမနေပါဘူး။ ဒါကိုတော့ အပြည့်အဝ ယုံကြည်လိုက်ကြပါ။ ဘာကြောင့်လဲဆိုတော့ မွေထိုင်းပွဲကစားရမှာမို့လို့ပါပဲ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ပရိသတ်တွေကို မွေထိုင်းပွဲပြန်ကစားပြရမယ်ဆိုတဲ့တစ်ချက်တည်းနဲ့တင် ကျွန်တော် ပျော်ရွှင်နေပါတယ်၊ နောက်လကိုရောက်ရင် ကျွန်တော့်ရဲ့အသက်က ၄၂ နှစ် ပြည့်ပါတော့မယ်။ သွေးလင်းထက်နဲ့ အသက် ၂၀ တောင်ကွာနေတော့ ကျွန်တော့်ကို အရမ်းအိုနေပြီလို့ ထင်နေနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ခန္ဓာကိုယ်က ပုံစံကောင်းမှာရှိနေဆဲပါပဲ။ ဒါကို ကျွန်တော်ကိုယ်တိုင် လုံးဝဥဿုံယုံကြည်ထားပါတယ်။ သွေးလင်းထက်လိုမျိုး လူငယ်ဖိုက်တာတွေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ကျွန်တော် သဘောပေါက်နားလည်ပြီးသားပါ၊ ပွဲအတွက် အစားအသောက်တွေ သေချာစားတယ်။ လေ့ကျင့်ရေးတွေကို သေသေချာချာ အာရုံစိုက်ပြီး လစ်ကွက်ဟာကွက်မရှိရလေအောင် သေချာပြင်ဆင်ထားပါတယ်။ ကျွန်တော့်ရဲ့အသက်က ၄၂ နှစ်ဆိုပေမယ့် ကျွန်တော် လုပ်ပြနိုင်ပါသေးတယ်။ အနိုင်ရအောင်ထိုးနိုင်စွမ်းလည်း ကျွန်တော့်ဆီမှာ ရှိနေပါသေးတယ်။ ကျွန်တော့်ပရိသတ်တွေအနေနဲ့ ကျွန်တော့်ကို ယုံကြည်ကြပါ။ ကျွန်တော့်အခြေအနေက အကောင်းပကတိ ရှိပါသေးတယ်။ ပရိသတ်တွေကို ဒီပွဲမှာ အကောင်းဆုံးဖျော်ဖြေမှုတွေ ကျွန်တော့်ဘက်က အပြည့်အဝ ပေးသွားမှာပါ။ ကျွန်တော့်ဆီမှာ ပွဲထိုးဖို့အတွက် ခွန်အားအပြည့်ရှိနေပါသေးတယ်။ ဒါကို ပရိသတ်တွေက ယုံကြည်ဖို့ပဲ လိုပါတယ်”







