သရက်ချောင်းမြို့နယ် ၊ ရန်တောင်ရွာ ဝန်းကျင်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ဖွဲ့ဝင်လေးဦး စစ်အာဏာရှင်တပ်ဘက်သို့ ဘက်ပြောင်းသွားကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
ဘက်ပြောင်းသွားသူလေးဦးသည် ကေအဲန်ယူ တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် ကွပ်ကဲမှုအောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ တပ်ရင်း ၁၂ ၊ တပ်ခွဲ ၁ မှ ဖြစ်ကြောင်း ကေဲအန်ယူ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နား က အတည်ပြုသည် ။
ယင်းလေးဦးအနက် တစ်ဦးမှာ စစ်အာဏာရှင်တပ်သားဟောင်းဖြစ်ပြီး ကျန်သုံးဦးမှာမူ ကော်သူးလေအာမီ(KTLA) ဘက်မှ ဘက်ပြောင်းလာသူများဖြစ်ကြသည်ဟု ပဒိုစောအယ်နား ကပြောသည် ။
” ကျွန်တော့်အထင်တော့ အဲဒီ အရင်က စကစ စစ်သားဖြစ်ခဲ့တဲ့တစ်ယောက်က ဦးဆောင်ပြီးတော့ ၊ KTLA က ဝင်လာတဲ့ သုံးယောက်ကို ခေါ်သွားတယ်ပေါ့နော် ။ ကျွန်တော်တို့ အားနည်းချက်ပဲ ။ တော်လှန်ရေးထဲမှာ လူတိုင်းကို အသေးစိတ် မစိစစ်မိတော့ အဲဒီလိုပဲ ဖြစ်တာပေါ့နော် ” ဟု ၎င်းကပြောဆိုသည် ။
အဆိုပါဘက်ပြောင်းသူလေးဦးသည် စက်တင်ဘာလ ၂၃ ရက်တွင် လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးသွားပြီး စစ်အာဏာရှင်တပ်ထံ ဘက်ပြောင်းသွားခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများထံမှသိရသည် ။
စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်များတွင် PDF လေးဦးမှ စစ်အာဏာရှင်တပ် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ MA-1(၁)လက်၊ RPG(၁)လက်၊ Type-79(၁)လက်၊ RPGဗုံးသီး(၃)လုံး၊ 40mm ဗုံးသီး(၁)လုံး၊ 5.56mmကျည်(၇၁)တောင့်၊ 5.56mm ကျည်အိမ် ၃ ခုတို့ကို အပ်နှံခဲ့ကြောင်း စက်တင်ဘာလ ၂၄ ရက်တွင် အခမ်းအနားဖြင့် ငွေသားဆုချီးမြှင့်ခဲ့ကြောင်း ဖော်ပြနေကြသည် ။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ ၏ တာဝန်ရှိသူများအား မေးမြန်းရာ အဆိုပါလေးဦးသည် PDF တပ်ဖွဲ့ဝင်များမဟုတ်ကြောင်း ပြောဆိုသည် ။
အထက်ဖော်ပြပါ လက်နက်ခဲယမ်းများနှင့်ပတ်သက်၍ ကေအဲန်ယူထံ အတည်ပြုမေးမြန်းရာ ဘက်ပြောင်းသူများနှင့်ပါသွားသည့် လက်နက်ခဲယမ်းများ မှန်ကန်ကြောင်း ဖြေကြားသည် ။