BREAKING
October 19, 2025

ကန်နိုင်ငံခြားထောက်ပံရေးရန်ပုံငွေကို ‘အမေရိကန် ပဓာန’ ရည်မှန်းချက်အတွက် ပြောင်းသုံးမည်

September 25, 2025

ဓာတ်ပုံ - Fernando Vergara/AP

ထရမ့်အစိုးရသည် အမေရိကန်၏ နိုင်ငံခြားထောက်ပံ့ငွေမှ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကို ၎င်းတို့၏ “အမေရိကန် ပဓာန” ရည်မှန်းချက်များကို အထောက်အကူပြုသည့် စီမံကိန်းများတွင် ပြောင်းလဲသုံးစွဲရန် စီစဉ်နေကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဂရင်းကျွန်းတွင် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ခြင်း ၊ လက်တင်အမေရိကရှိ အမေရိကန်ကို မလိုလားသည့် မာ့ဝါဒီအစိုးရများကို တိုက်ခိုက်ခြင်းတို့တွင် အဆိုပါ ငွေကြေးများကို ပြောင်းလဲသုံးစွဲရန် စီစဉ်နေကြောင်း ကွန်ဂရက်လွှတ်တော်သို့ တင်သွင်းခဲ့သည့် ထရမ့်အစိုးရ၏ အစီရင်ခံစာတစ်စောင်ကို ကိုးကား၍ ယင်းသတင်းတွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးအကျိုးစီးပွားအတွက် အစိုးရအနေဖြင့် အမေရိကန်ပြည်ထောင်စုကို ပိုလုံခြုံမှုရှိစေမည့် ၊ ပိုမိုအင်အားကြီးမားစေမည့် (သို့) ပိုမိုချမ်းသာကြွယ်ဝစေမည့် နည်းလမ်းများဖြင့်သာ နိုင်ငံခြားထောက်ပံ့ရေးရန်ပုံငွေများကို သုံးစွဲသင့်ကြောင်း အဆိုပါ အစီရင်ခံစာက ဆိုသည်။

ကွန်ဂရက်လွှတ်တော်က အတည်ပြုပေးပြီးသား စီမံကိန်းများထံမှ အစိုးရရန်ပုံငွေကို ယင်းသို့ ပြောင်းလဲသုံးစွဲရန် ထရမ့်အစိုးရက စီစဉ်နေကြောင်းကို The Washington Post သတင်းစာက ပထမဆုံး စတင်ဖော်ပြခဲ့သည်။

ယခုနှစ် ဇန်နဝါရီလတွင် ထရမ့် ဒုတိယအကြိမ် သမ္မတဖြစ်လာပြီးကတည်းက အမေရိကန်၏ နိုင်ငံခြားကူညီထောက်ပံ့ငွေနှင့် ပတ်သက်၍ အကြီးစားပြောင်းလဲမှု လုပ်ဆောင်နေခဲ့သည်။

ယင်းမှာ အစားအစာ ၊ ဆေးဝါးနှင့် ငွေကြေးအထောက်အပံ့ပေးခြင်းက ကမ္ဘာလုံးဆိုင်ရာ အမေရိကန်ဦးဆောင်မှု၏ အရေးကြီးသည့် soft power ဖြစ်သည်ဟူသည့် ယူဆချက်နှင့် လမ်းခွဲလိုက်ခြင်း ဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ ရက်စွဲတပ်ထားသည့် အဆိုပါ အစီရင်ခံစာတွင် ထရမ့်အစိုးရက ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကို ၎င်းတို့၏ မူဝါဒကို ဦးစားပေးအကောင်အထည်ဖော်ရန် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုကို အားကောင်းစေမည့် စီမံကိန်းများတွင် အသုံးပြသွားမည်ဟု ဖော်ပြထားသည်။

ယင်းတို့တွင် အရေးကြီးသတ္တုတွင်းထွက်များကို နေရာပေါင်းစုံမှ ပိုများများရရှိနိုင်ရန် ၊ မဟာဗျူဟာမြောက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ၊ တရုတ်၏ ဩဇာကို တန်ပြန်ရန်နှင့် ရွှေ့ပြောင်းနေထိုင်သူများအရေး အကျပ်အတည်းကို ကိုင်တွယ်ရန် စီမံကိန်းများ ပါဝင်သည်။

ယင်းငွေပမာဏထဲမှ ဒေါ်လာ သန်း ၄၀၀ ကို ယူကရိန်းတွင် အရေးကြီးသတ္တုတွင်းထွက်စီမံကိန်းများ လုပ်ဆောင်ရာနှင့် ဂရင်းလန်းကျွန်းတွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံကိန်းများ လုပ်ဆောင်ရာတွင် အသုံးပြုသွားမည်ဟု အထက်ပါ အစီရင်ခံစာတွင် ဖော်ပြသည်။

ဒိန်းမတ်ဘုရင့်နိုင်ငံအတွင်းရှိ တစိတ်တပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိထားသည့် နယ်မြေတစ်ခု ဖြစ်သည့် ဂရင်းလန်းကျွန်းကို သိမ်းပိုက်လိုကြောင်း ထရမ့်က ထုတ်ဖော်ပြောဆိုထားပြီးသား ဖြစ်သည်။

ဂရင်းလန်းကျွန်းသည် ရေနံ ၊ သဘာဝဓာတ်ငွေ့နှင့် အဆင့်မြင့်နည်းပညာကဏ္ဍအတွက် လိုအပ်သည့် တွင်းထွက်သတ္တုများနှင့် ကြွယ်ဝပြီး ပထဝီအနေအထားအရ မဟာဗျူဟာမြောက် တည်ရှိနေသည်။

နောက်ထပ်ဒေါ်လာ သန်း ၄၀၀ ကို အမေရိကန်နိုင်ငံအတွင်းသို့ တရားမဝင် ရွှေ့ပြောင်းနေထိုင်လာမှုများ အဆုံးသတ်ရန် ၊ အရေးကြီးသတ္တုတွင်းထွက်များနှင့်ဉာဏ်ရည်တု(AI)နည်းပညာကဏ္ဍတွင် တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန်ရန် ၊ ဗင်နီဇွဲလား ၊ ကျူဘားနှင့် နီကာရာဂွာနိုင်ငံများမှ မာ့ဝါဒီ ၊ အမေရိကန်ဆန့်ကျင်သည့် အစိုးရများကို ဆန့်ကျင်ရင်ဆိုင်ရန် အသုံးပြုသွားမည်ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။

Source: Reuters