BREAKING
October 19, 2025

တနင်္သာရီ၊ ကမ်းတိုရွာအနီးတွင် စစ်အာဏာရှင်စစ်ကြောင်းကို နှစ်ရက်ဆက်မိုင်းဆွဲ

August 25, 2025

တနင်္သာရီမြို့နယ်၊ ကမ်းတိုရွာအနီးတွင် စစ်အာဏာရှင်တပ်ကို နှစ်ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်သားအချို့နှင့် တော်လှန်ရေးတပ်နှင့်နီးစပ်သူများထံမှ သိရသည်။

ဩဂုတ်လ ၂၄ ရက် နံနက် ၉ နာရီခွဲခန့်တွင် ဇဝဲရွာအခြေစိုက် စစ်အာဏာရှင်တပ်၏ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းမှ အင်အား ၂၀ ကျော်သည် လမ်းကင်းယူရန်အတွက် ခြေလျင်ထွက်လာချိန် ဆန်းသစ်ရွာအနီးတွင် တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်‌‌ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“မိုင်းဆွဲပြီးနောက်မှာ စစ်ကောင်စီဘက်က ပြန်ပစ်ကြတယ်။ တစ်ဖက်တည်း ပစ်ခတ်မှုဖြစ်တယ်။ လေးယောက် ဝန်းကျင်လောက်နာ(ဒဏ်ရာရ)သွားလို့ အရပ်သားကားကိုခေါ်ပြီး တပ်ရင်းကို ပြန်သယ်သွားလို့ ကြားရတယ်”ဟု အထက်ပါနီးစပ်သူက ပြောသည်။

စစ်အာဏာရှင်တပ်၏ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းမှာ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ- ၁၃) လက်အောက်ခံတပ်ရင်းဖြစ်ပြီး ကမ်းတိုကျေးရွာမှာ မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိသည်။

စစ်အာဏာရှင်တပ်သားများက ဇဝဲကျေးရွာမှ ရှမ်းအင်းတော်ရွာအထိ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် လမ်းကင်းယူထားကြပြီး ရိက္ခာကားများဖြတ်သန်းရန်ရှိချိန်တွင် အင်အားအနည်းငယ် ထပ်တိုးချလေ့ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

ဩဂုတ်လ ၂၅ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင်လည်း မြိတ်ဘက်မှ တနင်္သာရီဘက်သို့လာသည့် ရိက္ခာကား ၆ စီးကို ရမ်းဖိုရွာနှင့် ကမ်းတိုရွာကြားရှိဆီအုန်းကုန်းအရောက်တွင် ဗိုလ်ခရင်းတပ်ဖွဲ့နှင့် မြိတ်ပကဖ က မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ယာဥ်တန်း မိုင်းဆွဲပြီးနောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ကြသေးတယ် ။ကားပေါ်ကရော လမ်းကင်းတွေ‌ရော ပြန်ပစ်ကြတယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်က ဆိုသည်။

စစ်အာဏာရှင်ယာဥ်တန်းသည် မိုင်ဆွဲတိုက်ခိုက်ခံရပြီးနောက် တနင်္သာရီဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း ‌တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

အထက်ပါ မိုင်းဆွဲပစ်ခတ်မှုနှစ်ကြိမ်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း၊ စစ်အာဏာရှင်တပ်သားများ ထိခိုက်မှုရှိသော်လည်း အသေးစိတ်မသိရသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။

မိုင်းဆွဲခံရသည့် နှစ်ရက်အတွင်း ရမ်းဖိုရွာတွင်တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက ရွာအနီးဝန်းကျင်ကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။