ပုလောမြို့ ဆိပ်ကမ်းတွင် ငါဖမ်းလှေပေါ်၌ ပေါက်ကွဲမှုဖြစ်ပြီး လှေပိုင်ရှင် အပါအဝင် လှေသားသုံးဦးနှင့် စစ်အာဏာရှင်တပ်သားအချို့ သေဆုံးကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
ဩဂုတ်လ ၂၃ရက် ည ၁၁ နာရီဝန်းကျင်တွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပြီး မြိတ်မြို့မှ ငါးဖမ်းလှေဖြင့် သယ်ဆောင်လာ သည့် လက်နက်ခဲယမ်းများကို စစ်အာဏာရှင်တပ် အမှတ် ၂၈၅ ခြေလျင်တပ်ရင်းသို့ ကမ်းပေါ်သို့ တင်ချိန် ပေါက်ကွဲမှု ဖြစ်သည်ဟု သတင်းများထွက်ပေါ်နေကြောင်း ဒေသခံအချို့က ပြောသည်။
ပုလောဆိပ်ကမ်း တံတားကြီးအောက်တွင် ကမ်းပေါ်သို့ တင်နေချိန်ပေါက်ကွဲမှုဖြစ်သဖြင့် ပုလောမြို့နယ်ခံ လှေပိုင်ရှင် တစ်ဦးနှင့် လှေလုပ်သားနှစ်ဦး နေရာတွင်ပင် သေဆုံးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ပေါက်ကွဲသံက တော်တော်ကျယ်ကျယ်ကြားရတယ်။ မနက်လင်းမှ ညက ဗုံးပေါက်မှန်းသိရတယ်။ သူတို့က ကင်းတွေချပြီး လာစစ်နေကြတယ်။ လှေထဲမှာပါလာတဲ့ တပ်သားတွေလည်း သေကုန်တယ်။ အများကြီးပဲလို့ သိရတယ်” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။
စစ်အာဏာရှင်တပ်သားများသည် လက်နက်ခဲယမ်းများကို ငါးဖမ်းလှေနှင့် ကင်းမွန်မီးထွန်းလှေများ အသုံးပြု၍ မြိတ်မြို့မှ ပုလောမြို့သို့ ပို့ဆောင်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လှေမှာ နစ်မြှုပ်သွားပြီး စစ်အာဏာရှင်တပ်သားများက လုံခြုံရေးယူထားကာ နစ်မြုပ်သွားသည့် လက်နက်ခဲယမ်းများကို ရေငုပ်၍ ပြန်ဆယ်ယူနေသည်ဟု သိရှိရကြောင်း ၎င်းက ဆိုသည်။
ပေါက်ကွဲမှုဖြစ်ပွားသည့် အကြောင်းအရင်းနှင့် စစ်အာဏာရှင်တပ်သား ထိခိုက်သေဆုံးမှု အခြေအနေများကို Dawei Watch က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
ပလမြို့တွင် စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ဇူလိုင်လ၂၄ရက်မှစကာ ရက်ရှည်တိုက်ပွဲ ပြင်းထန် နေပြီး စစ်အာဏာရှင်တပ်သားများက ဆက်တိုက်အင်အားဖြည့်တင်းနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။