ထားဝယ်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား အမျိုးသားသုံးဦး ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်ကြောင်း ၎င်းတို့၏ မိသားစုဝင်များနှင့် ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်ထံမှ သိရသည်။
အဆိုပါနိုင်ငံရေးအကျဥ်းသားသုံးဦးသည် လွတ်ရက်စေ့၍ ပြန်လွတ်လာခြင်းဖြစ်ကြောင်း လွတ်မြောက်လာသည့် နိုင်ငံရေး အကျဥ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
“ဒီနေ့ အားလုံး လေးယောက်လွတ်တယ်။ နိုင်ကျဥ်းသုံးဦးနဲ့ မူးယစ်အမှုနဲ့တစ်ယောက်ပါတယ်။ ထောင်ကလွတ်ပြီးတာနဲ့ မြို့မ ရဲစခန်းမှာ ခံဝန်ထိုးပြီး အိမ်ပြန်ရောက်နေကြပါပြီ” ဟု ၎င်းက ဆိုသည်။
နိုင်ငံရေးအကျဉ်းသားသုံးဦးတွင် ထားဝယ်မြို့ပေါ်က တစ်ဦးနှင့် လောင်းလုံးမြို့နယ်က နှစ်ဦးဖြစ်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ နှင့် ၅၂ (က) တို့ဖြင့် ထောင်ငါးနှစ်စီချမှတ်ခံခဲ့ရသူများဖြစ်ကြောင်း ထားဝယ်နိုင်ငံရေး အကျဥ်းသားများကွန်ရက်၏ မှတ်တမ်းအရသိရသည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ရှေ့ဆင့်နောက်ဆင့် ဖမ်းဆီးခံရသူများဖြစ်ပြီး သုံးနှစ်နှင့် ခုနစ်လခန့် အကျဥ်းကျခံခဲ့ရကာ လျှော့ရက်ခံစားခွင့်များဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ဆိုသည်။