BREAKING
October 20, 2025

သရက်ချောင်းတွင် ကုန်ကားနှစ်စီးဖမ်းဆီးခံရမှု ငွေကျပ်သိန်းတစ်ထောင် ပေးပြီးနောက် ပြန်လွတ်

July 25, 2025

သရက်ချောင်းမြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံတပ်ဖွဲ့တစ်ခုက ကုမ္ပဏီတစ်ခုပိုင်သည့် ကုန်ကားနှစ်စီးကို ဖမ်းဆီးပြီး ငွေကျပ်သိန်းတစ်ထောင်ဖြင့် ပြန်ရွေးခိုင်းကြောင်း ကုမ္ပဏီနှင့် နီးစပ်သူများထံမှ သိရသည်။

ဇူလိုင်လ ၂၀ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မြိတ်မြို့မှ ထားဝယ်မြို့သို့ မောင်းနှင်လာသည့် အထက်ပါကုန်ကားနှစ်စီးကို ရန်တောင်ရွာ အရောက်တွင် ဖမ်းဆီးခဲ့ကြောင်းနီးစပ်သူအချို့က ဆိုသည်။

ထားဝယ်အခြေစိုက် ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်ပြီး အားဖြည့်အချိုရည်နှင့် စားသောက်ကုန်များ တင်ဆောင်လာသည့် ကုန်တင်ကားနှစ်စီးနှင့် ယာဥ်မောင်းများအပါအဝင် သုံးဦးကို ဖမ်းဆီးခဲ့ကြောင်း ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထို့နောက် ဖမ်းဆီးခံရသူများ လွတ်မြောက်ရေးအတွက် အဆိုပါလက်နက်ကိုင်တပ်နှင့် သွားရောက်ညှိနှိုင်းသည့် အမျိုးသမီး တစ်ဦးအပါအဝင် နောက်ထပ်ဝန်ထမ်းနှစ်ဦးနှင့်အိမ်စီးကားကိုပါ အဆိုပါလက်နက်ကိုင်တပ်ဖွဲ့ ထပ်မံဖမ်းဆီးခဲ့ကြောင်း အထက်ပါနီးစပ်သူက ပြောဆိုသည်။

အဆိုပါကုန်ကားနှင့် ယာဉ်မောင်းများအပါအဝင် သွားရောက်ညှိနှိုင်းသူများကို စတင်ဖမ်းဆီးခဲ့သည့်နေရာမှ အလှမ်းဝေးသည့် နေရာတစ်ခုသို့ ညတွင်းချင်း ခေါ်ဆောင်သွားကြောင်း ဖမ်းဆီးထားချိန်အတွင်း ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

“ပိုက်ဆံက နှစ်ရက်ထဲ (အတောအတွင်း) မှာ လာပေးခိုင်းတယ်” ဟု ၎င်းက ပြောသည်။

၎င်းတို့ တောင်းခံသည့် ငွေကျပ်သိန်းတစ်ထောင်ပေးလိုက်ပြီးနောက် ဖမ်းဆီးထားသူ ငါးဦးနှင့် ကားများကိုပါ ဇူလိုင်လ ၂၂ ရက် နံနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်းနီးစပ်သူများထံမှ သိရသည်။

စတင်ဖမ်းဆီးချိန်က စစ်ကောင်စီတပ်သားများနှင့် ဆက်စပ်မှုရှိမရှိ စစ်ဆေးရန်ဟုဆိုကာ ဖမ်းသွားခြင်းဖြစ်သည်ဟု အထက်ပါ နီးစပ်သူက ဆိုသည်။

ပိုက်ဆံတောင်းခြင်းမှာ တစ်နှစ်စာအတွက် အခွန်ကောက်ခြင်းဟု ပြောဆိုကြောင်း ၎င်းက ဆိုသည်။

“တစ်နှစ်လုံးလုံး ကြိုက်သလိုသွားပေါ့။ ဒီတစ်ခါ (အခွန်) ဆောင်ထားပြီးရင်။ အဲဒီလိုပြောပြီး တောင်းတာ” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံခဲ့ရသူများ၏ ပြောပြချက်အရ ၎င်းတို့ကို ဖမ်းဆီးခဲ့သည့် တပ်ဖွဲ့ဝင်များ၏ လက်မောင်းတွင် KNU ဘက် တံဆိပ်ကို တွေ့ရပြီး ၎င်းတို့ကိုယ်တိုင်လည်း KNU တပ်မဟာ ၄ က တပ်ဖွဲ့ဝင်များဖြစ်သည်ဟု ပြောဆိုကြောင်း အထက်ပါနီးစပ်သူက ရှင်းပြသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကို Dawei Watch က ဆက်သွယ်မေးမြန်းရာ KNU လက်အောက်ရှိ အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးကာ ဒဏ်ရိုက်မှုရှိကြောင်း ဖြေကြားသည်။

“တပ်ရင်း ၁၂ က၊ တပ်ရင်း ၁၂”ဟု ပဒိုအယ်နားက ပြောသည်။

ဒဏ်ရိုက်သည့်ငွေကြေးပမာဏက သိန်းတစ်ထောင် ဟုတ် မဟုတ်နှင့် မည်သည့်အကြောင်းအရင်းကြောင့် ဒဏ်ရိုက်ခဲ့သည်ကို ထပ်မံမေးမြန်းရာ ကုန်ကားများကို ဖမ်းဆီးပြီးဒဏ်ရိုက်သည့်အဖွဲ့ကို တိတိကျကျ မသိရသေးကြောင်း ပဒိုအယ်နားက ပြန်ပြောသည်။

“ကျွန်တော်တို့လည်း အသေးစိတ်မသိသေးဘူးနော်။အဖွဲ့လည်း အသေးစိတ် ကျွန်တော်တို့မသိဘူး။ PDF အဖွဲ့လား ကျွန်တော်တို့တပ်ရင်း ၁၂ လက်အောက်ခံအဖွဲ့လား အဲဒါ အတိအကျမသိသေးဘူး။ဘာလို့ ဒဏ်ရိုက်တာလဲဆိုတော့ ကျွန်တော်တို့ခန့်မှန်းတာပေါ့နော်။ သူတို့ကကုမ္ပဏီဆိုတော့ အဲဒီသူတို့ မလိုက်နာတာ ရှိမှာပေါ့နော်။ဒါပေမဲ့ အသေးစိတ်ပြောမတတ်ဘူး။ ကျွန်တော်တို့ကို မမေးနဲ့နော်။ အဲဒီပြောရင်လည်း မှားမှာစိုးလို့”ဟု ပဒိုအယ်နားက ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးငွေကြေးတောင်းခံရသည့် ကုမ္ပဏီ၏အမည်ကို DaweiWatch က သိရှိထားသော်လည်း လုံခြုံရေးအခြေအနေ များကြောင့် အမည်ထည့်သွင်း မဖော်ပြခြင်းဖြစ်သည်။