BREAKING
October 20, 2025

ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံတွင် စစ်ဘေးရှောင် တစ်သိန်းသုံးသောင်းကျော်ရှိလာ

July 25, 2025

ပုံစာ - ထိုင်းနယ်စပ် စူရင်းခရိုင်က ပြည်သူများ ယာယီစခန်းများတွင် တိမ်းရှောင်နေစဉ်။ ဓာတ်ပုံ – REUTERS, EPA

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုကတစ်ဆင့် နှစ်နိုင်ငံ အပြန်အလှန်ပစ်ခတ်မှုများဖြစ်လာပြီးနောက် ယနေ့ ဇူလိုင်လ ၂၅ ရက်တွင် နှစ်နိုင်ငံ စစ်ဘေးရှောင် တစ်သိန်းသုံးသောင်းကျော်လာပြီဖြစ်ကြောင်း ထိုင်းနှင့် နိုင်ငံတကာသတင်းဌာန များတွင် ဖော်ပြသည်။

ပစ်ခတ်မှုစတင်ဖြစ်ပွားသည့် ဇူလိုင်လ ၂၄ ရက်တွင် ကမ္ဘောဒီးယားဘက်က ထိုင်းနယ်စပ်ခရိုင်များသို့ BM-21 ရော့ကတ် ဒုံးကျည်များဖြင့် ပစ်ခတ်မှုကြောင့် ထိုင်းဘက်ခြမ်းတွင် သေဆုံးသူ ပြည်သူ ၁၄ ဦးနှင့် စစ်သားတစ်ဦးရှိကြောင်း ထိုင်းအစိုးရဘက်က ထုတ်ပြန်ထားသည်။

ယင်းအပြင် နောက်ထပ် ဒဏ်ရာရရှိသူ ၄၆ ဦးအထိ ရှိလာကြောင်းလည်း ဖော်ပြသည်။

ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းတွင်လည်း ကမ္ဘောဒီးယားနိုင်ငံဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထိုင်းနိုင်ငံ ဘက်သို့ ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ထိုင်းစစ်တပ် ဒုတိယပြောခွင့်ရသူ Richa Sooksuwanon က ပြောသည်။

ထိုင်းစစ်တပ်ဘက်ကလည်း F-16 တိုက်လေယာဉ်များနှင့် ဒရုန်းများသုံးပြီး ကမ္ဘောဒီးယားဘက်က စစ်စခန်းများကို လေကြောင်းက ပြန်လည်တုံ့ပြန် ပစ်ခတ်ထားကြောင်း ၎င်းက ဆိုသည်။

ထိုင်းဘက်ခြမ်းက ပစ်ခတ်မှုကြောင့် ကမ္ဘောဒီးယားနိုင်ငံတွင် ပြည်သူ တစ်ဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရကြောင်း ကမ္ဘောဒီးယား အာဏာပိုင်များ၏ ပြောကြားချက်ကို ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်အထိ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ခရိုင်များတွင် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်နေသဖြင့် ပြည်သူပေါင်း ၁၁၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားပြီး ယာယီစခန်းများတွင် ခိုလှုံစေခဲ့ကြောင်း ထိုင်းနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၎င်းတို့အနက် ထက်ဝက်ခန့်သည် စူရင်းခရိုင်မှဖြစ်ပြီး နောက်ထပ် စီစကက်၊ ဘူရီရမ်နှင့် ဥဘွန်းရတ်ချ်ဌာနီခရိုင်များကလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြသည်။

ထိုင်းနိုင်ငံတွင် စစ်ဘေးရှောင်များသည့်အတွက် ယာယီခိုလှုံရေးစခန်း ၃၀၀ ကျော်ကို ဖွင့်လှစ်ထားကြောင်း ဖော်ပြသည်။

ကမ္ဘောဒီးယားဘက်ကလည်း နယ်စပ်အနီးနေ ပြည်သူ နှစ်သောင်းခန့်ကို ဘေးလွတ်ရာပြောင်းရွှေ့ထားကြောင်း ကမ္ဘောဒီးယား သတင်းဌာနများက ဖော်ပြသည်။

လက်ရှိတွင် ကမ္ဘောဒီးယားက လက်နက်ကြီးနှင့် ရော့ကက်ဒုံးကျည်များ ဆက်တိုက်ပစ်ခတ်နေဆဲဖြစ်သဖြင့် နယ်စပ်ဒေသ များသို့ သွားလာမှုအားလုံး ရှောင်ကြရန် ထိုင်းစစ်တပ်က သတိပေးထားသည်။

Ref: Aljazeera, CNN, Khmer Times, Reuters