ပုလောမြို့နယ်၊ ပလမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် လေးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးဖြင့်ပါ ပစ်ခတ်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့အချို့ထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၂၅ရက် နံနက် ၇ နာရီဝန်းကျင်မှစတင်ကာ နေ့လယ် ၁၂နာရီအထိ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် လေးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံများ ထိခိုက်သေဆုံးမှုများ ရှိကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဂျက်ဖိုက်တာနဲ့ ကြဲတာ။ တစ်ကြိမ်ကြဲရင် ဗုံးနှစ်လုံး။ ပွိုင့်ဖိုက်နဲ့ပါ ပစ်တယ်” ဟု ၎င်းက ပြောဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးကမူ တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ပြီး ရဟတ်ယာဉ်ဖြင့်တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
ယနေ့တွင် ပလမြို့၊ တပိုရွာ၊ ကျောက်ကမ်းဖဲရွာနှင့် ကဒဲရွာအနီးဝန်းကျင်ကို တိုက်လေယာဉ်ဖြင့် ဗုံးလာကြဲသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
ထို့အပြင် ပုလောမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ်၂၈၅ ခြေလျင်တပ်ရင်းနှင့် ပလမြို့အနီးအနားပင်လယ်ပြင်ရှိ စစ်သင်္ဘောက လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း အထက်ပါ တပ်ဖွဲ့ဝင်က ပြောဆိုသည်။
ဒေသခံတစ်ဦးကမူ “လက်နက်ကြီးတွေက ရမ်းသမ်းပစ်နေတယ်။ ဟိုရွာကျလိုက် ဒီရွာကျလိုက်။ အခု — ရွာမှာ လက်နက်ကြီး ထိပြီးဒဏ်ရာရသူ လေးယောက်ရှိတယ်။ ပလမြို့မှာ လေယာဉ်နဲ့ (ဗုံးကြဲ) သုံးလေးယောက် (ထိ) ရှိတယ်” ပြောသည်။
လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရွာသားများ ထိခိုက်သည့် အသေးစိတ်အခြေအနေကို Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
လက်ရှိတွင် ပလမြို့ဝန်းကျင်၌ တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင် အချို့ထံမှ သိရသည်။
ဇူလိုင်လ ၂၄ ရက်ကလည်း ညနေ ၃ နာရီခွဲဝန်းကျင်နှင့် ၅ နာရီခွဲဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်တိုက်လေယာဥ် ဖြင့် ပလမြို့နှင့် အနီးဝန်းကျင်ကို နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပလမြို့ရှိ နေအိမ်ပေါ်ကျရောက်ပေါက်ကွဲရာက ဇနီးမောင်နှံ နှစ်ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ယင်းသို့ လေကြောင်းတိုက်ခိုက်ပြီးနောက် စစ်ကောင်စီ ရေတပ်စစ်သင်္ဘောက လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ပလမြို့က အမျိုးသမီးတစ်ဦး ထပ်မံ သေဆုံးကြောင်း ၎င်းတို့ထံမှ သိရသည်။