အမေရိကန်အစိုးရက မြန်မာစစ်ခေါင်းဆောင်များနှင့် နီးစပ်သည့် လုပ်ငန်းရှင်အချို့ကို ဇူလိုင်လ ၂၄ ရက်တွင် အရေးယူပိတ်ဆို့မှုမှ ဖယ်ရှားလိုက်သည်။
ထရမ့်အစိုးရ၏ သွင်းကုန်စည်းကြပ်ခွန်ကို သတိပေးစာကို တုံ့ပြန်ရာတွင် မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်က သမ္မတဒေါ်နယ်ထရမ့်အား ချီးမြှောက်ပြောဆိုကာ အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပေးရေး တောင်းဆိုခဲ့ပြီးနောက် နှစ်ပတ်အကြာတွင် အမေရိကန်အစိုးရ၏ အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ်လာသည်။
အမေရိကန်အစိုးရ၏ အဆိုပါ ဆုံးဖြတ်ချက်မှာ “အလွန်အမင်း စိုးရိမ်စရာကောင်းသည်”ဟု Human Rights Watch က ဖော်ပြပြီး မြန်မာစစ်ကောင်စီအပေါ် အမေရိကန်အစိုးရ၏ မူဝါဒတွင် အကြီးစားအပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာနေသည်ဟု ဆိုသည်။
KT Services & Logistics ကုမ္ပဏီနှင့် ၎င်း၏ တည်ထောင်သူ ဦးဂျော်နသန်မျိုးကျော်သောင်း ၊ MCM Group နှင့် ၎င်း၏ပိုင်ရှင် ဦးအောင်လှိုင်ဦး ၊ Suntac Technologies နှင့် ၎င်း၏ ပိုင်ရှင် ဦးစစ်တိုင်းအောင် ၊ နောက်ထပ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါ်တင်လတ်မင်းတို့အား အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုစာရင်းမှ ဖယ်ရှားလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာစစ်တပ်က အာဏာသိမ်းမှု ၁ နှစ်ပြည့်သည့်အချိန် ၂၀၂၂ ခုနှစ်တွင် သမ္မတဘိုင်ဒန်အစိုးရက KT Services & Logistics နှင့် ဂျော်နသန်မျိုးကျော်သောင်းအား အရေးယူပိတ်ဆို့မှု ချမှတ်ခဲ့သည်။
၂၀၂၂ ခုနှစ်မှာပင် ဦးစစ်တိုင်းအောင်နှင့် ဦးအောင်လှိုင်ဦးကို မြန်မာစစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းကဏ္ဍတွင် ပါဝင်လုပ်ကိုင်နေမှုကြောင့် သမ္မတဘိုင်ဒန်အစိုးရက အရေးယူပိတ်ဆို့ခဲ့သည်။
မြန်မာစစ်တပ်၏ အာဏာသိမ်းမှု ၃ နှစ်ပြည့်သည့် ၂၀၂၄ ခုနှစ်တွင် မြန်မာစစ်ကောင်စီနှင့် နီးစပ်သည့် ဦးတင်လတ်မင်းကိုလည်း အရေးယူပိတ်ဆို့ခဲ့သည်။
အဆိုပါ လူပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းများအပေါ် အရေးယူပိတ်ဆို့မှုမှ ဖယ်ရှားလိုက်သည့် အကြောင်းအရင်းကို အမေရိကန်အစိုးရဘဏ္ဍာရေးဝန်ကြီးဌာနက ရှင်းလင်းဖော်ပြခြင်း မရှိပေ။
မြန်မာ့ပို့ကုန်များအပေါ် အခွန် ၄၀ ရာခိုင်နှုန်းသတ်မှတ်မည့် ထရမ့်၏ သတိပေးစာကို တုံ့ပြန်ရာတွင် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဆိုပါ အခွန်နှုန်းထားလျှော့ချပေးရန်နှင့် လိုအပ်ပါက အမေရိကန်သို့ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ စေလွှတ်ရန်အသင့်ရှိကြောင်း ဇူလိုင် ၁၁ ရက်နေ့က အကြောင်းပြန်ခဲ့သည်။
ဩဂုတ်လ ၁ ရက်မှ စတင်သက်ရောက်မည့် အဆိုပါ အခွန်နှုန်းထားကို ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအကြား လျှော့ချသတ်မှတ်ပေးမည်၊ အမေရိကန်သွင်းကုန်များအပေါ် သုညမှ ၁၀ ရာခိုင်နှုန်းအထိသာ အခွန်ကောက်မည်ဟု အကြောင်းပြန်ခဲ့သည်။
Source: Reuters