BREAKING
October 20, 2025

ကံပေါက်တိုက်နယ်က ကျေးရွာချင်းဆက်လမ်းတစ်ခုကို လုံးဝ သွားမရအောင် စစ်ကောင်စီ ထပ်မံဖျက်ဆီး

July 25, 2025

ပုံစာ - ဇူလိုင်လ ၂၄ ရက်တွင် စစ်ကောင်စီက ဖျက်ဆီးသွားသည့် ကံပေါက်-ဖားချောင်းလမ်းပိုင်းက လမ်းပြတ်တောက်နေသည့် နေရာ။ ဓာတ်ပုံ - ပေးပို့ ။

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဖားချောင်းကျေးရွာအုပ်စုဘက်သို့ သွားသည့် ကျေးရွာချင်းဆက် လမ်းပိုင်းတစ်နေရာကို စစ်ကောင်စီက မြေတူးစက်ဖြင့် ဇူလိုင်လ ၂၄ ရက် ညနေပိုင်းက ထပ်မံတူးပြီး ဖျက်ဆီးကြောင်း ဒေသခံများက ပြောသည်။

စစ်ကား သုံးစီး၊ မြေတူးစက်တစ်စီးတို့ဖြင့် စစ်ကောင်စီတပ်သားများ ရောက်လာပြီး ဖားချောင်းကျေးရွာအုပ်စု၊ ဆယ်အိမ်စုရွာအနီးရှိ ကွန်ကရစ်လမ်းပိုင်းကို တူးဖော်ဖျက်ဆီးခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“မနေ့က (ဇူလိုင် ၂၄) သစ်တောရုံးလမ်းဆုံဂိတ် (ကံပေါက်ရွာအဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်) မှာ မြေတူးစက်နဲ့ ကတုတ်ကျင်းတွေ မနက်ပိုင်းမှာ အရင်တူးတယ်။ ပြီးမှ ဖားချောင်းဘက်ကို ဝင်သွားပြီး လမ်းတွေ ဖျက်ဆီးလိုက်တာ” ဟု သစ်တောရုံးစစ်ဆေးရေးဂိတ်တည်ရှိသည့် ကံပေါက်ကျေးရွာအုပ်စု၊ ဂန့်ဂေါ်တောင်ရွာသားတစ်ဦးက ပြောသည်။

ကံပေါက် – ဖားချောင်း လမ်းပိုင်းသည် ကံပေါက် ရေကန်တောင်တွင် တိုက်ပွဲပြင်းထန်ခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက လည်း တစ်ကြိမ်ဖျက်ဆီးခံခဲ့ရပြီး ကားများသွားလာ၍ မရတော့သော်လည်း ဆိုင်ကယ်များသွားလာ၍ ရသေးကြောင်း ဒေသခံများထံမှ သိရသည် ။

ယခုတစ်ကြိမ် ထပ်မံဖျက်ဆီးရာတွင်မူ မည်သည့်ယာဥ်မှ သွားလာ၍မရအောင် ကွန်ကရစ်လမ်းအား ကန့်လန်ဖြတ်၍ မြောင်းတစ်ခုဖြစ်အောင် တူးဖော်ဖျက်ဆီးထားသည်ကို ဒေသခံတစ်ဦး မှတ်တမ်းတင်ထားသည့် ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည် ။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ရေဖြူမြို့နယ်၊ ဇာဒီရွာတွင်လည်း စစ်ကောင်စီတပ်က လမ်းပိုင်းလေးနေရာကို မြေတူးစက်ဖြင့် ဖျက်ဆီးထားသည်။

ဇာဒီလမ်းပိုင်းသည် ကံပေါက်မှ ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း နဘုလယ်ဒေသနှင့်လည်းကောင်း၊ ဖားချောင်းလမ်းပိုင်းသည် ကံပေါက်မှ ပြည်ထောင်စုလမ်းမနှင့်လည်းကောင်း တိုက်ရိုက်ဆက်သွယ်နိုင်သည့် လမ်းများ ဖြစ်သည်။

ယင်းသို့ စစ်ရေးလှုပ်ရှားမှု မကြာခဏဖြစ်နေသည့် ဒေသများနှင့် ဆက်စပ်မှုများရှိနေသည့် လမ်းပိုင်းများမှတစ်ဆင့် ကံပေါက်ဒေသဘက်သို့ ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်လာမည်ကို စိုးရိမ်၍ စစ်ကောင်စီက ယခုကဲ့သို့ လမ်းပိုင်းဖြတ်တောက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

ပြီးခဲ့သည့် မတ်လက ဖားချောင်းအုပ်စုသို့ စစ်ကောင်စီ စစ်ကြောင်းထိုးစဥ် ဖျက်ဆီးထားသည့်လမ်းပိုင်းကို ပြင်ဆင်ပေးမည် ဟု စစ်ကောင်စီ တပ်သားများက ရွာသားများကို စည်ရုံးပြောဆိုခဲ့သော်လည်း ပြန်လည်ပြင်ဆင်ပေးခြင်းမရှိသည့်အပြင် ယခု တဖန်လုံးဝ သွားလာ၍ မရအောင်ထပ်မံဖျက်ဆီးခြင်းဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။

ယင်းသို့ လမ်းပိုင်းဖျက်ဆီးခံရသဖြင့် ဖားချောင်းကျေးရွာအုပ်စုရှိ တောင်ရင်းအင်းရွာ၊ ဖားချောင်းရွာနှင့် ဆယ်အိမ်စုရွာများ တွင် နေထိုင်သူများနှင့် ဥယျာဉ်ခြံလုပ်သူများ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် သွားလာရန် အခက်အခဲ ပိုကြုံရ လာနိုင်ကြောင်း ယင်းကျေးရွာအုပ်စုများတွင် ဥယျာဉ်ခြံလုပ်ကိုင်နေသူများက ပြောသည်။

ကံပေါက်-ဖားချောင်းလမ်းပိုင်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေ ကျပ် ၂၃၄ သန်းကျော် အသုံးပြုကာ ကွန်ကရစ်လမ်းတစ်ဝက်၊ ကျောက်ခင်းလမ်းတစ်ဝက်ဖြင့် အဆင်မြှင့်ထားသည့် လမ်းဖြစ်သည်။