ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးတွင် ဇူလိုင်လ ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်ဆက်တိုက် တိုက်ပွဲများဖြစ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေး အင်အားစု များထံမှသိရသည်။
ဇဟာရွာဘက်မှ မောင်မယ်ရှောင်ရွာဘက်သို့ မြေတင်ကားဖြင့် လာသည့် အင်အားတစ်ရာဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် တစ်ကြိမ်၊ ရေဖြူမြို့နယ် ဇီးကျရွာဘက်မှ ညင်းထွေးရွာဘက်သို့ အိမ်စီးကားဖြင့်လာသည့် စစ်ကောင်စီတပ်သားများနှင့် တစ်ကြိမ်၊ ကျောက်ဆိပ်ကုန်းရွာဘက်မှ မောင်မယ်ရှောင်ရွာဘက်သို့ ကားဖြင့်လာသည့် အင်အားတစ်ရာဝန်းကျင်ပါ စစ်ကြောင်းနှင့် တစ်ကြိမ် စုစုပေါင်းသုံးကြိမ် ဖြစ်ခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) က သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၂၃ ရက်တွင် နေ့လယ်၁၂ နာရီဝန်းကျင် မှ ညနေ ၆ နာရီခန့် အထိ ၆ နာရီကြာတိုက်ပွဲ ဖြစ်ခဲ့ပြီး ရေး-ထားဝယ် ကားလမ်း တွင် ကားများ ယာယီပိတ်မိခဲ့ပြီး ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းမှ လမ်းပြန်ဖွင့်ခဲ့ကြောင်း လမ်းပိုင်းအသုံးပြုသည့် ကားသမားများထံမှသိရသည်။
ယင်းတိုက်ပွဲ ၆ နာရီအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူများ ပစ်ခတ်ခဲ့ပြီး မောင်မယ်ရှောင်ရွာ အနောက်ပိုင်းတွင် လက်နက်ကြီးထိမှန် ၍ လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ရွာသားတစ်ဦး ကပြောသည်။
” ရွာမှာ လူမနေတော့ လူထိခိုက်တာတော့မရှိဘူး။ ပျဥ်ထောင်အိမ်တစ်လုံးတော့ထိတယ်။ ကျန်တဲ့အိမ်တွေက ခေါင်မိုးတွေထိခိုက်တယ်။ ပစ်ခတ်တာငြိမ်နေတယ် ဆိုပေမယ့် မောင်မယ်ရှောင်ရွာ အထွက်ကနေ ဇဟာလမ်းတစ်လျောက် ကင်းပုန်းတွေ ရှိနေတယ်။ ဘယ်သူတွေမှန်းမသိသလို၊ ဘယ်အချိန် ထဖြစ်မယ်လဲမသိဘူး။ နားတော့ အမြဲစွင့်နေရတယ်” ဟု ၎င်းပြောဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဆယ်ဦးဝန်းကျင်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း တိုက်ပွဲတွင်ဦးဆောင်ပါဝင်သည့် တော်လှန်ရေး တပ်ဖွဲ့တစ်ခု ၏ တာဝန်ရှိသူ တစ်ဦးကပြောသည်။ ယင်းအချက်အလက်အပေါ် Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါတိုက်ပွဲတွင်ပါဝင်သော မဟာမိတ်တော်လှန်အင်အားစုများဖြစ်သည့် ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော်၊ ဒူရကစစ်ကြောင်း၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကျားသစ်နက်တပ်ဖွဲ့၊ ဘီလုံးပြောက်ကျား တပ်ဖွဲ့၊ ဧဒင်မှူးတပ်ဖွဲ့၊ ဒေါနတပ်ခွဲ ၇ တို့ဘက်ကမူ ထိခိုက်မှုမရှိကြောင်း အထက်ပါတပ်ဖွဲ့တာဝန်ရှိသူ ကဆိုသည်။
” (စစ်ကောင်စီ) ကင်းပုန်းတွေ ချထားတယ်လို့တော့ သိရတယ်ခင်ဗျာ။ တိုက်ပွဲကတော့ အချိန်မရွေး ဆက်ဖြစ်နိုင်တဲ့ အခြေအနေပါ ” ဟု မောင်မယ်ရှောင်ရွာအနီး စစ်ရေးတင်းမာနေဆဲ အခြေအနေကို ၎င်းက ရှင်းပြသည်။
ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်ကလည်း မောင်မယ်ရှောင်ရွာ အနီးရှိ ဘုရားမဲ စစ်ကောင်စီ ဂိတ်ကို တော်လှန်ရေး တပ်များက လာရောက်တိုက်ခိုက်၍ တိုက်ပွဲတစ်ကြိမ်ဖြစ်ခဲ့သေးသည်။
မောင်မယ်ရှောင်ရွာသည် နှစ်ဘက်ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားသည့်အပြင် စစ်ကောင်စီတပ်က ကျေးရွာအတွင်းနေရာယူထားခြင်းကြောင့် ရွာသားများ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစ၍ ရွာလုံးကျွတ် နေရပ်စွန့်ခွာ နေရသည့် ကျေးရွာဖြစ်သည်။