BREAKING
October 20, 2025

လောင်းလုံးမြို့အနီးက လယ်သမားများ လယ်လုပ်ချိန်ကျော်လာသည့်တိုင် လုပ်ငန်းခွင်မဝင်နိုင်သေး

June 25, 2025

လောင်းလုံးမြို့အနီးတွင် စစ်ရေးတင်မာနေသဖြင့် လယ်လုပ်ချိန်ကျော်လာသည့်တိုင် လုပ်ငန်းခွင်မဝင်နိုင်သေးကြောင်း လယ်သမားအချို့က ပြောသည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၁၄ရက်‌မှစပြီး လောင်းလုံးမြို့မှတစ်ဆင့် စစ်ပြဲကျေးရွာသို့ ခြေလျင်စစ်ကြောင်းထိုးလာပြီး ယင်းမှတစ်ဆင့် လေးသွန်းခံ၊ ကထောင်နီကျေးရွာတို့ကိုဖြတ်ပြီး ကညုံကျွန်းရွာသို့ ရောက်ရှိတပ်စွဲထားကြောင်း ဒေသခံ အချို့ထံမှ သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်အချိန်မှာ လယ်သမားများ မိုးစပါး စတင်စိုက်ပျိုးရန် ထွန်ယက်နေကြသည့် အချိန်ဖြစ်သည်။

ယင်းနောက် စစ်ကောင်စီတပ်သည် ကညုံကျွန်းကျေးရွာတွင် တောက်လျှောက်တပ်စွဲထားသဖြင့် ယနေ့ ဇွန်လ ၂၅ ရက်အထိ ဒေသခံများ ကညုံကျွန်းရွာထဲသို့ မဝင်ရဲကြသေးကြောင်း ၎င်းတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်က ကညုံကျွန်းရွာတွင် နှစ်ပတ်နီးပါးအကြာ တပ်စွဲထားပြီး အချိန်မရွေးထိတွေ့တိုက်ပွဲဖြစ်နိုင်သဖြင့် ကညုံကျွန်း ကျေးရွာအပါအဝင် ကထောင်နီ၊ လေးသွန်းခံ၊ စစ်ပြဲ၊ ညင်းမော်၊ ပြင်းထိန်၊ ဝေဒီ စသည့် ကျေးရွာက ဒေသခံပြည်သူများ၊ လယ်သမားများ စစ်ဘေးရှောင်နေကြရသည်။

“သူများရွာက လယ်သမားတွေ အကုန် လယ်ထွန် ပျိုးကြဲပြီးကုန်ကြပြီ။ ကျွန်မတို့ လယ်တွေကျတော့ ဘာမှကို မလုပ်ရ သေးဘူး။ ဒီနှစ်တော့ လယ်လုပ်ရပါဦးမလား မသိတော့ဘူး။ အခုထိလည်း ရွာမပြန်ရဲသေးဘဲကိုး” ဟု ကညုံကျွန်းရွာက လယ်သူမ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် စစ်ပြဲကျေးရွာမှ ကညုံကျွန်းကျေးရွာသို့ ညအမှောင်ကို အကာအကွယ်ယူပြီး စစ်ကြောင်းထိုးလာခဲ့ပြီး နံနက်အာရုံတက်ချိန်တွင် လယ်ကွင်းများရှိရာဘက်သို့ ရောက်ရှိလာခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာနေသည်ကို ကြိုတင်သတင်းမရသဖြင့် လယ်ထဲဆင်းချိန် စစ်ကြောင်းနှင့်တွေ့ပြီး အဖမ်းခံလိုက်ရသူများလည်းရှိကြောင်း ဒေသခံတို့က ပြောသည်။

“တချို့က ပျိုးကြဲနေရင်းတန်းလန်းအဖမ်းခံရတာရှိတယ်။ လယ်ထဲဆင်းတဲ့လမ်းမှာတွေ့လို့ အဖမ်းခံရတဲ့သူတွေလည်း ရှိတယ်။ သူတို့ကျတော့ လူလည်းအဖမ်းခံရ၊ လယ်လည်းပစ်ရ နှစ်ခါနာဖြစ်နေကြတာပေါ့” ဟု လေးသွန်းခံရွာက လယ်သမားတစ်ဦးက ပြောဆိုသည်။

လက်ရှိ လယ်မလုပ်နိုင်ဖြစ်နေကြသည်မှာ ကထောင်နီရွာ၊ လေးသွန်းခံ၊ ကညုံကျွန်း၊ ဝေဒီ၊ ပြင်းထိန်၊ ညင်းမော်၊ စစ်ပြဲဒေသခံများ အများဆုံးဖြစ်ပြီး လယ်ဧက ထောင်ဂဏန်းခန့် မလုပ်နိုင်ဘဲဖြစ်နေကြောင်း လယ်သမားများက ခန့်မှန်းပြောဆိုသည်။

ယင်းအပြင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်အချို့မှာလည်း လယ်ကွက်များထဲသို့ကျရောက်ပြီး မပေါက်ကွဲသေးဘဲ ကျန်နေသည်များလည်း ရှိနေကြောင်း လယ်သမားအချို့က ဆိုသည်။

“လယ်ထဲ လက်နက်ကြီးကျည်တွေ ကျနေတာရှိတယ်ပဲ ကျွန်တော်တို့ကြားရတယ်။ ဘယ်နားကျမှန်းလည်း မသိဘူး။ မသိတော့ လယ်လုပ်တဲ့အချိန် ထပေါက်ရင်တော့ အဲဒါမှ ဒုက္ခပဲကျွန်တော်တို့ကတော့” ဟု ဝေဒီကျေးရွာက လယ်သမားတစ်ဦးက ပြောသည်။

ယနေ့ ဇွန်လ ၂၅ ရက် မွန်းလွဲ ၂ နာရီကျော်တွင် မေးမြန်းချက်အရမူ စစ်ကောင်စီတပ်သည် ကညုံကျွန်းရွာမှ ထွက်ခွာသွားပြီ ဖြစ်သော်လည်း ထားဝယ်မြစ်ထဲရှိ စစ်သင်္ဘောက လက်နက်ကြီးဖြင့် ပစ်ခတ်နေဆဲဖြစ်သောကြောင့် ဒေသခံများ နေရပ်မပြန်ရဲကြကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖမ်းသွားသည့် ဒေသခံအချို့ကိုမူ ယနေ့တွင် ပြန်လွှတ်ပေးနေပြီဖြစ်ကြောင်း ပြန်လည်လွတ်မြောက်လာသည့် ညင်းမော်ကျေးရွာသားတစ်ဦးက Dawei Watch သို့ ပြောဆိုသည်။