BREAKING
October 20, 2025

စစ်ကောင်စီတပ်က ဖမ်းသွားသည့် လောင်းလုံးဒေသခံများပြန်လွှတ်၊ သုံးဦးဆက်ဖမ်းထား

June 25, 2025

ပုံစာ - စစ်ကောင်စီမွှေနှောက်ရှာဖွေထားသည့် ကညုံကျွန်းရွာက နေအိမ်တစ်ဆောင်။ ဓာတ်ပုံ - Dawei Watch

‌စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် လောင်းလုံးမြို့နယ် ဒေသခံတစ်ရာခန့်ကို ယနေ့ ဇွန်လ ၂၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း ပြန်လွတ်လာသည့် မိသားစုဝင်အချို့ထံမှ သိရသည်။

သို့သော် လူငယ်အမျိုးသားသုံးဦးမှာ ပြန်လွှတ်ပေးရာတွင်မပါဝင်ဘဲ ဖမ်းထားဆဲဖြစ်ကြောင်း ၎င်းတို့ကပြောသည်။

၎င်းတို့သုံးဦးမှာ ကညုံကျွန်းရွာတွင် ဖမ်းသွားသူများဖြစ်ပြီး မည်သည့်အတွက် ဆက်လက်ဖမ်းဆီးထားသည်ကို မသိရဟုဆိုသည်။

“အားလုံးနီးပါးပဲပြန်လွတ်လာကြတာ။ အားလုံးဆိုရင် တစ်ရာလောက်ရှိတယ်။ သုံးယောက်ကတော့ (လွှတ်ပေးဖို့) ဘယ်လိုမှပြောလို့မရဘဲကျန်ခဲ့တယ်” ဟု ပြန်လွတ်လာသူ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးက Dawei Watch ကို ပြောဆိုသည်။

ဖမ်းဆီးခံရသူများမှာ ကညုံကျွန်း၊ ကထောင်းနီ၊ လေးသွန်းခံ၊ စစ်ပြဲ၊ ညင်းမော်ကျေးရွာမှ ဒေသခံများအများစုဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းထိုးလာချိန် နေအိမ်တွင်ရှိနေစဉ် ဖမ်းဆီးခံရသူများလည်းရှိပြီး အချိူ့မှာ လယ်ထဲဆင်းချိန် အဖမ်းခံရသူများဖြစ်သည်။

“ကျွန်တော်တို့ကို (ထားဝယ်မြစ်အတိုင်း) သင်္ဘောနဲ့ခေါ်သွားပြီးတော့ သပြေချောင်းတပ်နယ်ထဲမှာ ထားထားတယ်။ အဲမှာ ၆ ရက်လောက်အထိနေရတယ်” ဟု ပြန်လွတ်လာသည့် အခြားအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဒေသခံများကိုဖမ်းဆီးပြီး စစ်ဆေး‌မေးမြန်းစဉ် “မသိဘူး” ဟု ဖြေသူများကို ရိုက်နှက်ခဲ့သဖြင့် ဒဏ်ရာရသူများလည်းရှိကြောင်း ပြန်လွတ်လာသူတို့က ပြောသည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၁၄ ရက်နေ့တွင် လောင်းလုံးမြို့ဘက်မှ စစ်ပြဲကျေးရွာသို့ စစ်ကြောင်းထိုးလာပြီး ယင်းမှတစ်ဆင့် ကညုံကျွန်းကျေးရွာသို့ရောက်ရှိသွားပြီး ကျေးရွာအတွင်း ၁၀ ရက်ခန့် တပ်စွဲထားခြင်းဖြစ်သည်။

ကညုံကျွန်းရွာထဲရှိ နေအိမ်များထဲတပ်စွဲနေထိုင်ပြီး လူမရှိတော့သည့် ဒေသခံနေအိမ်များထဲမှ ၎င်းတို့လိုချင်သည့် ပစ္စည်းမှန်သမျှကို မွှေနှောက်ရှာ‌ဖွေကာ အဓမ္မယူဆောင်သွားကြောင်း ပြန်လွတ်လာသူအချို့ကပြောသည်။

“သူတို့( စစ်ကောင်စီတပ်သား) တွေ ရွာထဲကပစ္စည်းတွေ သယ်နေကြတာကို (ဖမ်းဆီးထားသည့်နေရာမှ) ကျွန်မတို့ အကုန်လုံးမြင်နေရတယ်။ ဆိုင်ကယ်တွေဆို တစ်စီးပြီးတစ်စီး သယ်လာပြီး သင်္ဘောပေါ်တင်သွားကြတာ” ဟု ပြန်လွတ်ရာတွင် ပါဝင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ရွာထဲတွင် စိတ်ကြိုက်မွှေ‌နှောက်ရှာဖွေယူဆောင်ပြီးမှ ယနေ့ ဇွန်လ ၂၅ ရက်တွင် စစ်ကောင်စီတပ်စစ်ကြောင်းမှာ ကညုံကျွန်းရွာထဲမှ ထွက်ခွာသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

ကညုံကျွန်းရွာရှိ နေအိမ်အားလုံးနီးပါး ရိုက်ဖျက်မွှေနှောက်ရှာဖွေခံထားရပြီး နေအိမ်နှစ်ဆောင်လည်း မီးရှို့ဖျက်ဆီးထား‌သည်ကိုတွေ့ရကြောင်း ကညုံကျွန်းရွာသားတစ်ဦးကပြောသည်။