တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအနီးရှိ ရမ်းဖိုရွာတွင် စစ်ကောင်စီယာဥ်တန်းကို တော်လှန်ရေးတပ်များက တစ်ရက်တည်း နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ထုတ်ပြန်ချက်တို့အရ သိရသည်။
ဇွန်လ ၂၄ ရက် မွန်းလွဲ ၂နာရီဝန်းကျင်တွင် မြိတ်မြို့ဘက်မှ တနင်္သာရီဘက်သို့ စစ်ကောင်စီတပ်သားအင်အားအပြည့် တက်လာသည့် မော်တော်ယာဉ်တစ်စီးကို ရမ်းဖိုရွာအနီးတွင် မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ မိနစ်အနည်းငယ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
“ကားက မိုင်းဆွဲလိုက်တာ မိုင်းထိသွားတယ်။ ကားထဲကလည်း ပြန်ပစ်တယ်။ (စကစ) လမ်းကင်းတွေလည်း ပစ်ကြတယ်။ သူတို့ဘက်က ထိခိုက်မှုရှိတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယင်းနောက် ညနေ ၃ နာရီဝန်းကျင် တနင်္သာရီမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅၅၇ ခြေမြန်တပ်ရင်းမှ မြိတ်မြို့သို့ ပြန်ဆင်းလာသည့် မော်တော်ယာဉ် ခြောက်စီးပါ ယာဉ်တန်းကို ရမ်းဖိုရွာတွင် တော်လှန်ရေးတပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
အဆိုပါယာဉ်တန်း မြိတ်ဘက်သို့ မသွားမီ စစ်ကောင်စီ၏ အမှတ် ၃၀၆ အမြောက်တပ်က ရမ်းဖိုရွာဘက်ကို ၁၂၀ မမ လက်နက်ကြီးလေးလုံး ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ ဝင်အချို့ထံမှ သိရသည်။
“အတက်လည်း ပစ်တယ်။ အဆင်းလည်း ပစ်တယ်။ အဆင်းကား မဆင်းခင်မှာ လက်နက်ကြီးလှမ်း ထုသေးတယ်။ ပြီးမှ ကားတွေ ဆင်းလာတယ်” ဟု အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို တနင်္သာရီပကဖ ဇုန်၃၊ ဗိုလ်ခရင်းတပ်ဖွဲ့၊ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှု နှစ်ကြိမ်အတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
တော်လှန်ရေးတပ်ဘက်က ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
ဇွန်လအတွင်း စစ်ကောင်စီတပ်က သိန်ခွန်းကျေးရွာကို အင်အားဖြည့်တင်းပြီး စစ်ရေးပြင်ဆင်နေသဖြင့် တနင်္သာရီမြို့ နယ်အတွင်းရှိ ပြည်ထောင်စုလမ်းတစ်လျှောက်တွင် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားနေသည်။