ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က သုံးရက်ကြာ ဖမ်းဆီးထားသည့် ဒေသခံလေးဦး ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများထံမှသိရသည်။
စစ်ကောင်စီတပ် စစ်ကြောင်းသည် ဇွန်လ ၂၃ရက် နံနက်ပိုင်းတွင် ရလိုင်ကျေးရွာသို့ ရောက်ရှိချိန် ဒေသခံအမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
ဖမ်းဆီးပြီး သုံးရက်မြောက်ဖြစ်သည့် ယနေ့ ဇွန်လ ၂၅ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ပြန်လွတ်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“သူတို့ကို သောကြာနေ့စောစောက ခေါ်သွားတယ်။ ခြံထဲမှာတွေလို့ ခေါ်သွားတာ။ အားလုံးက မိသားစုတွေပဲ” ဟု ၎င်းက ပြောဆိုသည်။
အဆိုပါစစ်ကြောင်းသည် ဇွန်လ ၁၆ရက်မှစ၍ လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာမှတစ်ဆင့် တစ်ရွာဝင်တစ်ရွာထွက်ပုံစံဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
စစ်ကြောင်းထိုးလာသည့်နေ့မှစ၍ ယနေ့ ဇွန်လ ၂၅ ရက်အထိ ရက်သတ္တပတ်တစ်ပတ်ကျော်ကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။
သို့သော် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရာသီဥတုဆိုးရွားသည့် အခြေအနေများကြောင့် ယင်းစစ်ကြောင်းရှိ စစ်ကောင်စီတပ်သားအချို့မှာ လမ်းခရီးတွင် ဖျားနာခြင်း၊ ဝမ်းပျက်ဝမ်းလျောခြင်းများ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
“ဒီနေ့ဆို တာလပတ်တွေကို ပုခတ်လိုလိုလုပ်ပြီး စစ်သားလူနာတွေကို ထမ်းသွားတာ တွေ့ရတဲ့တယ်” ဟု ကိုယ်တိုင်မြင် တွေ့ရသူ၏ ပြောဆိုချက်ကို ကိုးကား၍ တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီစစ်ကြောင်းတွင် အင်အားမှာ ၂၀၀ နီးပါရှိ ပြီး ယနေ့ နံနက်ပိုင်းတွင် ယင်းစစ်ကြောင်းမှ တပ်သား ၈၀ ခန့်မှာ ရေဖြူမြို့ဘက်သို့ ပြန်လည်ထွက်ခွာသွားကာ အင်အား ၁၀၀ကျော်မှာ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာသို့ ဝင်ရောက်သွားကြောင်း ဒေသခံများက ပြောဆိုသည်။