ထားဝယ်ခရိုင်တွင် ပြည်သူ့အခြေပြုပညာရေးလုပ်ငန်းများဆောင်ရွက်နေသည့် “ထားဝယ်ပညာရေးအင်စတီကျု” (Tavoy Education Institute – TEI) က ဒေသတွင်းပညာရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်နိုင်ရန် ဆရာ၊ ဆရာမနှင့် စေတနာ့ဝန်ထမ်းများ ခေါ်ယူမည်ဖြစ်ကြောင်း အဆိုပါအင်စတီကျုထံမှ သိရသည်။
ဆရာအတတ်သင်ပညာတတ်မြောက်ထားပြီးဖြစ်သည့် CDM ပညာရေးဝန်ထမ်းများနှင့် ပညာရေးကို စိတ်ပါဝင်စား၍ ကူညီလိုသူများအား မည်သူမဆို ခေါ်ယူမည်ဖြစ်ကြောင်း TEI ၏ အဖွဲ့ဝင် ဆရာကျောင်းက ပြောသည်။
“ဒေသနဲ့ပြည်သူရဲ့ ပညာရေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ့် မည်သူမဆို ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။ တကယ် လာချင်တယ်ဆိုရင် လုံခြုံရေးအစီအမံ၊ နေထိုင်စားသောက်မှုတွေအတွက် ကျွန်တော်တို့ဘက်က လုံးဝအာမခံပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်လာမယ့်တစ်ဦးချင်းကိုတော့ ရှင်းပြပေးလို့ အဆင်ပြေပါမယ်” ဟု ၎င်းက ဆိုသည်။
စိတ်ပါဝင်စား၍ ဆက်သွယ်လိုပါက TEI ၏ Email လိပ်စာနှင့် လူမှုကွန်ရက်စာမျက်နှာတို့မှ တိုက်ရိုက် ဆက်သွယ်နိုင်ကြောင်း ဆိုသည်။
TEI သည် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး ဒေသတွင်း ပြည်သူ့အခြေပြု ပညာရေးလုပ်ငန်းများအနေဖြင့် မြေပြင် ကျောင်းတစ်ကျောင်းဖွင့်လှစ်ထားကာ ချိတ်ဆက်ထားသည့် မြေပြင်ကျောင်း ငါးကျောင်းကိုလည်း သင်ကြားရေး အကူအညီများ ပံ့ပိုးနေကြောင်း TEI ထံမှ သိရသည်။
TEI အနေဖြင့် အခြေခံပညာရေးနှင့် အဆင့်မြင့်ပညာရေးလုပ်ငန်းများကို ပြည်ပတက္ကသိုလ်တစ်ခု၊ ပြည်တွင်း ပညာရေး အဖွဲ့အစည်း ခြောက်ဖွဲ့တို့နှင့် ချိတ်ဆက်ကာ ထားဝယ်ခရိုင်အတွင်းဖော်ဆောင်နေသည့်အပြင် အသက်မွေးဝမ်းကျောင်း ပညာရေးနှင့် သုတေသနပညာရေးလုပ်ငန်းများ တိုးချဲ့ လည်ပတ်နိုင်ရန်လည်း ကြိုးစားနေကြောင်း ဆရာကျောင်းက ပြောသည်။
ထားဝယ်ခရိုင်အတွင်း TEI က ကူညီဆောင်ရွက်နေသည့် ကျောင်းများအားလုံးတွင် အခမဲ့ပညာရေးအဖြစ်ဖော်ဆောင်နေပြီး ကျောင်းများကို ပြည်သူလူထု ပံ့ပိုးကူညီမှုဖြင့်လည် ပတ်နေကြောင်း ၎င်းက ဆိုသည်။
ယင်းသို့ မြေပြင်ပညာရေးဖော်ဆောင်ရာတွင် ဝန်ထမ်းအင်အား အခက်အခဲအပြင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ် ကာကွယ်ရေး၊ အင်တာနက်အခက်အခဲနှင့် ဘဏ္ဍာရေးလိုအပ်ချက် စသည့် အခက်အခဲများလည်း ကြုံတွေ့ရကြောင်း TEIထံမှ သိရသည် ။