BREAKING
October 19, 2025

ဝမ်းရေးအတွက် တူကိုင်နေရသော လက်ကလေးများ

June 25, 2025

ငါးတန်းကျောင်းသား မောင်လင်းလက်တစ်ယောက် နံနက်စောစောတွင် ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည့် ထမင်းထုပ်ကိုကိုင်ပြီး ကူးတို့လှေငယ်စီးကာ တစ်ဖက်ကမ်းသို့ ကူးသွားလေ့ရှိသည်။

တနင်္သာရီမြို့နယ်၊ ဘန်းပြည့်ရွာတွင်နေထိုင်သည့် မောင်လင်းလက်က ရွာတစ်ဖက်ကမ်းရှိ သိန္ဓောရွာသို့ နေ့ချင်းပြန်သွားပြီး ညနေစောင်းချိန်တွင် လှေပြန်စီးကာ အိမ်ပြန်လေ့ရှိသည်က နိစ္စဓူဝတစ်ခုဖြစ်သည်။

သူသွားသည့်နေရာကား စာသင်ခုံများ၊ စာအံသံများဖြင့် စည်ကားနေသည့် စာသင်ကျောင်းတော့ မဟုတ်ပေ။

သစ်သားဖြင့် ပြုလုပ်ထားသည့် မျှောစင်များ၊ ကျောက်တုံးကျောက်ခဲများနှင့် စက်ယန္တရားများရှိရာ သတ္တုလုပ်ကွက်ပင်။

ဘန်းပြည့်ရွာ တစ်ဖက်ကမ်း သိန္ဓောရွာရှိ သတ္တုတူးဖော်နေသည့်နေရာအနီးတဝိုက်နှင့် မျှောစင်များက ကျောင်းနေအရွယ် မောင်လင်းလက်အတွက် နေ့စဉ်ကျင်လည်ရာ နေရာများဖြစ်လာသည်။

ခဲလုပ်ကွက်များအနီးရှိ ကျောက်တုံးများကို တူဖြင့်ထု(ကျောက်ကပ်ထု)ပြီး ခဲသတ္တုပါဝင်သည့် ကျောက်တုံး၊ ကျောက်ခဲ အသေးလေးများဖြစ်အောင်လုပ်ကာ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက် တစ်လမ်းမှ ဝင်ငွေရှာနေရခြင်း ဖြစ်သည်။

ထုခွဲထားသည့် ကျောက်တုံးအသေးများကို နေအိမ်တွင်ပြန်ကြိတ်ကာ မျှောခွက်ဖြင့် ခဲသတ္တု ထုတ်ယူကြ ခြင်း ဖြစ်သည်။

“အိမ်မှာက ပင်ပန်း (ကျပ်တည်း) နေတော့ ကျောင်းထွက်ပြီး အလုပ်ထွက်လုပ်ကြတယ်။ အခုက ကျောက်ကတ် (ခဲသတ္တုပါဝင်သည့်ကျောက်) ထုတဲ့ အလုပ်ရှိတော့ အဲဒီအလုပ်ပဲဝင်လုပ်ကြတယ်” ဟု မောင်လင်းလက်က ပြောသည်။

မိသားစုဝင် ၉ ဦးရှိသည့် အသက် ၁၅ နှစ်အရွယ် မောင်လင်းလက်က လေးဦးမြောက်သားဖြစ်ပြီး သူ့အစ်ကိုနှင့် အစ်မများက အိမ်ထောင်အသီးသီး ကျသွားပြီဖြစ်သည့်အတွက် အိမ်ခွဲနေကြသည်။

၎င်း၏ အဖေနှင့် အမေ ဖြစ်သူကလည်း ကျောက်ထုကာ သတ္တုရှာဖွေကြသလို ကြုံရာကျပန်း လုပ်ကိုင်နေရသူများ ဖြစ်သည်။

အဆိုပါဒေသတွင် ခဲတစ်ပိဿာလျှင် ငွေကျပ် တစ်သိန်း ဈေးပေါက်နေပြီး ကလေးတစ်ဦးလျှင် တစ်ရက်ပျမ်းမျှ ခဲအလေးချိန် ၃၀ ကျပ်သားဝန်းကျင် ရလေ့ရှိဟုဆိုသည်။

ငါးတန်းကျောင်းသား မောင်လင်းလက်မှာ အာဏာသိမ်းပြီး နောက်တစ်နှစ်အကြာတွင် မိသားစု စားဝတ်နေရေး ကျပ်တည်းလာသည့်အတွက် ကျောင်းထွက်လိုက်ရပြီး မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရသည်။

မောင်လင်းလက်မှာ ကျောင်းကို ကျောခိုင်းခဲ့ရသည့် မြန်မာနိုင်ငံက ကလေး ငါးသန်းနီးပါးထဲက တစ်ဦးဖြစ်သည်။ ပဋိပက္ခများ၊ မလုံခြုံမှုများ၊ နေရပ်စွန့်ခွာရမှုများ၊ အရေးပေါ်ဝန်ဆောင်မှု ပြတ်တောက်ခြင်း စသည်တို့ကြောင့် ကလေး ငါးသန်းနီးပါး ပညာသင်ခွင့် ဆုံးရှုံးနေကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်သည့် ယူနီဆက်မြန်မာက ထုတ်ပြန်ထားသည်။

ပဋိပက္ခနှင့် တိုက်ပွဲများအပြင် အာဏာသိမ်းဂယက်ကြောင့် အထွေထွေကုန်ဈေးနှုန်းတက်ပြီး စားဝတ်နေရေး ကျပ်တည်းလာခြင်းက ကျောင်းနေအရွယ်ကလေးများကို စာသင်ကျောင်းကို ကျောခိုင်းစေသည့် အကြောင်းအရင်း တစ်ခုဖြစ်သည်။

ပညာသင်ခွင့် ဆုံးရှုံးသည့် ကလေးများသည် အဓမ္မစစ်သားစုဆောင်းခံရခြင်း၊ ကလေးလုပ်သမားအဖြစ် အသုံးပြုခံရခြင်း အပါအဝင် အခြား ပြင်းထန်သည့် အခွင့်အရေးချိုးဖောက်မှု အန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်းလည်း ယူနီဆက်မြန်မာက ဆိုသည်။

ဆင်းရဲနွမ်းပါးမှု ဒဏ်ကြောင့်လည်း ကလေး သန်းပေါင်းများစွာကို ထိခိုက်စေသည်။ ယူနီဆက်မြန်မာ၏ ထုတ်ပြန်ချက်အရ လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခ၊ မလုံခြုံမှု၊ စီးပွားရေးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှု၊ နေရပ်စွန့်ခွာမှုနှင့် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ အကန့်အသတ်ရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံရှိ ကလေးငယ်များ၏ ၅၅ ရာခိုင်နှုန်းမှာ ဆင်းရဲနွမ်းပါးမှုဒဏ်ကို ခံစားနေရကြောင်း ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်တွင် အကူအညီလိုအပ်နေသော နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံဖြစ်သည့် လူပေါင်း ၁၈ ဒသမ ၆ သန်းအနက် ၆ သန်းမှာ ကလေးငယ်များဖြစ်ကြပြီး မသေချာမရေရာသည့် အနာဂတ်ကို ရင်ဆိုင်နေရကြောင်း ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်း သတ္တုလုပ်ကွက်များ မှိုလိုပေါက်လာပြီး လူနေရပ်ရွာများအထိပင် ရောက်ရှိလာသည်။

အာဏာမသိမ်းမီက သတ္တုလုပ်ကွက် ၃၀ ခန့်ရှိပြီး အကျယ်အဝန်းအားဖြင့် ၇၆၈၀ ဧကခန့်သာရှိရာက ၂၀၂၄ ခုနှစ်တွင် လုပ်ကွက် ၆၆ ကွက်အထိရှိလာပြီး ဧကနှစ်သောင်းခွဲကျော်အထိ ဖြစ်လာသည်။

အထူးသဖြင့် တနင်္သာရီ၊ ထားဝယ်၊ ရေဖြူ၊ ပုလော စသည့်မြို့နယ်များတွင် သတ္တုလုပ်ကွက်များ အကြီးအကျယ် ပေါ်ပေါက်လာသည်။

အဆိုပါသတ္တုလုပ်ကွက်များတွင် ဒေသခံများလည်း ဝင်ရောက်လုပ်ကိုင်နေကြရာ ကျောင်းနေအရွယ် ကလေး အများအပြားလည်း ခဲလုပ်သားများဖြစ်လာကြသည်။

တနင်္သာရီမြို့နယ် သိန္ဓောရွာရှိ ခဲသတ္တုလုပ်ကွက်များတွင်လည်း ကျောင်းနေအရွယ်ကလေး ၁၅၀ ခန့်သည် မောင်လင်းလက်ကဲ့သို့ စာသင်ခန်းကို စွန့်ခွာပြီး မိသားစု စားဝတ်နေရေးအတွက် ကျောက်ထုနေကြသည်ကို Dawei Watch က တွေ့မြင်ခဲ့သည်။

ဘန်းပြည့်ရွာနေ ငါးတန်းကျောင်းသား မောင်လင်းလက်လိုပင် စာသင်ကျောင်းကို စွန့်ခွာခဲ့ရသူများတွင် မကြယ်ဖြူလည်း တစ်ဦး အပါအဝင် ဖြစ်သည်။

အသက်၁၇ နှစ်အရွယ် ရှစ်တန်းကျောင်းသူ မကြယ်ဖြူက ၂၀၂၃ ခုနှစ်တွင် မိသားစုအခြေအနေအရ ကျောင်းထွက် လိုက်ရသည်။

ညီအစ်ကိုမောင်နှမ ၃ ဦးရှိသည့် မကြယ်ဖြူ၏ အမေက နောက်အိမ်ထောင်ပြုသွားသဖြင့် အဖေဖြစ်သူနှင့်အတူနေရင်း မောင်တစ်ဦးနှင့် ညီမတစ်ဦး ပညာဆက်သင်ခွင့်ရရန် ခဲကျောက်ထုသည့် အလုပ်ဖြင့် မိသားစုဝန်ကို တတ်စွမ်းသမျှ ဝင်ထမ်းနေသူဖြစ်သည်။

“ကျောင်းက တက်ချင်တာပေါ့။ ဒီကာလမှာက မိသားစု စားဖို့တောင် အနိုင်နိုင်ရှာနေရတာ။ စားဝတ်နေရေးအတွက် အလုပ်ထွက်လုပ်ရတာ” ဟု မကြယ်ဖြူက ပြောသည်။

ကလေးများပညာသင်ယူခွင့်မရပါက တွေးခေါ်စဉ်းစားနိုင်မှုပါ မှားယွင်းလာနိုင်သည့်အတွက် ပညာသင်ယူခွင့်ရရေးသည် အရေးကြီးကြောင်း တနင်္သာရီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကလေးငယ်တွေ ပညာသင်ခွင့်မရရင်တော့ သူတို့ရဲ့ တွေးခေါ်မှု၊ စဥ်းစားဆင်ခြင်နိုင်မှု၊ ဝေဖန်သုံးသပ်နိုင်မှုတွေ မှားယွင်းလာနိုင်တာကြောင့် ပညာရေးက အရေးကြီးပါတယ်။ အနာဂတ်မှာ ပညာတတ်လူငယ်တွ ရှားလာမယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

ကလေးတွေ ပညာသင်ခွင့် ဆုံးရှုံးခြင်းသည် မျိုးဆက်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ ဆုံးရှုံးသည့် အန္တရာယ်ရှိနေပြီး မြန်မာနိုင်ငံ အနာဂတ်တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း ယူနီဆက် မြန်မာက သတိပေးထားသည်။

သို့သော် အာဏာသိမ်းပြီးနောက်ပိုင်း ကျေးလက်နေ ကလေးအများစုမှာ အကြောင်းအမျိုးမျိုးကြောင့် စာသင်ကျောင်းနှင့် ဝေးကွာလာနေပြီး အများစုမှာ လုပ်ငန်းခွင်များအတွင်း ရောက်ရှိသွားကြသည်။

လုပ်ငန်းခွင်အများစုမှာလည်း ကလေးများအတွက် ခက်ခဲပင်ပန်းလွန်းသည့် အခြေအနေတွင်ရှိနေပြီး သတ္တုလုပ်ကွက်များတွင် လုပ်ကိုင်ရသည့် ကလေးများမှာ အရွယ်နှင့်မမျှသည့် ခက်ခဲကြမ်းတမ်းမှုကို ရင်ဆိုင်နေကြရသည်။

ကလောင်ကိုင်ကာ စာအံကြရမည့်အရွယ်တွင် တူကိုင်ကာ ကျောက်ထုနေကြရသည့် ကလေးအများအပြားမှာ စားဝတ်နေရေးကြောင့် ရွေးချယ်စရာမရှိ၍သာ လုပ်ကိုင်နေကြရခြင်းဖြစ်ပြီး တတ်နိုင်လျှင် စာသင်ကျောင်းသို့သာ သွားလိုကြဟုဆိုသည်။

တနင်္သာရီမြို့နယ် ဘန်းပြည့်ရွာနေ မောင်လင်းလက်ကလည်း မိသားစုစီးပွားရေးအခြေအနေကြောင့် ကျောင်းထွက်ပြီး ခဲကျောက်ထုနေရသော်လည်း အခွင့်အရေးရပါက ကျောင်းပြန်တက်ချင်ကြောင်း ဖွင့်ဟသည်။

“တက်ခွင့်ရရင် ပိုကောင်းတာပေါ့။ အခုလို အလုပ်ကြမ်းတွေ လုပ်စရာမလိုတော့ဘူး။ အခုဆိုရင် နေပူလည်း လုပ်ရတယ်။ မိုးရွာလည်း လုပ်ရတယ်။ ကျွန်တော်ကို အိမ်က (ကျောင်း) ထားနိုင်ချိန်ကျရင် ကျောင်းပြန်တက်ချင်တယ်” ဟု ပြောဆိုသည်။

မှတ်ချက်။ မောင်းလင်းလက်နှင့် မကြယ်ဖြူ အမည်တို့မှာ အမည်လွှဲအသုံးပြုထားခြင်းဖြစ်သည်။