BREAKING
October 20, 2025

အီရန်အဏုမြူစီမံကိန်းများ လအနည်းငယ်အတွင်း ပြန်စနိုင်ဟု ကန်စစ်ဘက်ထောက်လှမ်းရေးပြော

June 25, 2025

ပုံစာ - အီရန်၏ ဖော်ဒိုအဏုမြူစီမံကိန်းတည်နေရာကို မတ်လ ၁၉ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Associated Press

အမေရိကန်က တိုက်ခိုက်ခဲ့သော်လည်း အီရန်အဏုမြူစီမံကိန်းများသည် လအနည်းငယ်အတွင်း ပြန်စတင်နိုင်သည်ဟု အမေရိကန်စစ်ဘက်ထောက်လှမ်းရေးအေဂျင်စီ၏ အစီရင်ခံစာက ဖော်ပြထားကြောင်း ရိုက်တာသတင်းတစ်ရပ်က ဖော်ပြသည်။

အမေရိကန်စစ်ဘက်ထောက်လှန်ရေး၏ ကနဦးထွက်ပေါ်လာသည့် အစီရင်ခံစာအရ အမေရိကန်က ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း အီရန်အဏုမြူစီမံကိန်းများကို လအနည်းငယ်အကြာ နှောင့်နှေးသွားစေရုံသာ လုပ်ဆောင်နိုင်ခဲ့ကြောင်း ယင်းအကြောင်းအရာနှင့် ပတ်သက်၍ သိရှိသူ ၃ ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

အမေရိကန်စစ်ဘက်ထောက်လှမ်းရေးအေဂျင်စီသည် ပင်တဂွန်စစ်ဌာနချုပ်၏ အဓိက ထောက်လှမ်းရေးအေဂျင်စီ ဖြစ်သည်။ အမေရိကန်နိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့အစည်း ၁၈ ခုအနက်မှ တစ်ခုအပါအဝင် ဖြစ်သည်။

အီရန်က ၎င်း၏ အဏုမြူစီမံကိန်းများကို လအနည်းငယ်အတွင်း ပြန်လည်စတင်နိုင်သည်ဟု အမေရိကန်စစ်ဘက်ထောက်လှမ်းရေးအေဂျင်စီ၏ အစီရင်ခံစာက ဖော်ပြသည်။

တစ်လမှ နှစ်လအတွင်းတွင်ပင် ပြန်လည်စတင်နိုင်သည်ဟု ယင်းအစီရင်ခံစာပါ အကြောင်းအရာနှင့် သိရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

အဆိုပါ လျှို့ဝှက်အစီရင်ခံစာ၏ ဖော်ပြချက်သည် သမ္မတဒေါ်နယ်ထရမ့်နှင့် ကာကွယ်ရေးဝန်ကြီး Pete Hegseth အပြင် အခြားအမေရိကန်ထိပ်တန်းအရာရှိများ၏ ပြောဆိုချက်နှင့် ကွဲလွဲနေသည်။

ပြီးခဲ့သည့်အပတ်က အမေရိကန်၏ တိုက်ခိုက်မှုကြောင့် အီရန်အဏုမြူစီမံကိန်းများ ဖျက်ဆီးခံလိုက်ရပြီဟု ၎င်းတို့က ပြောသည်။

သို့သော် ဇွန်လ ၂၄ ရက်နေ့တွင် အမေရိကန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြောကြားရာတွင် ၎င်းတို့တိုက်ခိုက်မှုက အီရန်၏ အဏုမြူစီမံကိန်းများ အားနည်းသွားစေခဲ့သည်ဟုသာ ဆိုခဲ့သည်။

သမ္မတထရမ့် ပြောခဲ့သည့်အတိုင်း အီရန်၏ အဏုမြူစီမံကိန်းများကို လုံးဝဖျက်ဆီးနိုင်ခဲ့သည်ဟု ပြောဆိုခဲ့ခြင်း မရှိပေ။

အမေရိကန်စစ်ဘက် ထောက်လှမ်းရေးအေဂျင်စီ၏ အစီရင်ခံစာပါ ကောက်ချက်မှာ လုံးဝမှားယွင်းနေသည်ဟု အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Karoline Leavitt က ဆိုသည်။

အမေရိကန်၏ တိုက်ခိုက်မှုများသည် အီရန်က အဏုမြူလက်နက် မဖန်တီးနိုင်အောင် တားဆီးရန် လိုအပ်သည်ဟု သမ္မတထရမ့်က ဆိုသည်။

သို့သော် အီရန်က အဏုမြူလက်နက်ဖန်တီးရန် ကြိုးစားနေခြင်းမရှိဟု ငြင်းဆိုထားပြီး ၎င်းတို့၏ အဏုမြူစီမံကိန်းသည် ငြိမ်းချမ်းသည့် ရည်ရွယ်ချက်များသာ ပါဝင်သည်ဟု ဆိုသည်။

Source: Reuters