BREAKING
May 25, 2025

ထိုင်းတွင် ယာဉ်ကြောပိတ်ဆို့သည်အထိ လီဗာပူးပရိသတ်များ အောင်ပွဲခံ

May 25, 2025

ထိုင်းနိုင်ငံတွင် လီဗာပူးအသင်းကို အားပေးသည့် အမာခံပရိသတ်များက ကျင်းပခဲ့သော အောင်ပွဲခံအခမ်းအနားကြောင့် ယာဉ်လမ်းကြောများ ပိတ်ဆို့သည်အထိ ဖြစ်သွားခဲ့ရကြောင်း The Nation က ဖော်ပြထားသည်။

ထိုင်းနိုင်ငံရှိ လီဗာပူးအသင်းပရိသတ်များသည် လီဗာပူးအသင်း ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဖြစ်ခြင်းနှင့် အမှတ်ပေးဖလားချန်ပီယံ အကြိမ် ၂၀ မြောက်ဖြစ်ခြင်းအတွက် အမိုးဖွင့်ကားနှင့်အတူ ဘန်ကောက်မြို့အတွင်း လှည့်လည်အောင်ပွဲခံခဲ့ပြီး ပရိသတ် စုဝေးရာနေရာများတွင် အခြားသောပျော်ပွဲရွှင်ပွဲများကိုလည်း ကျင်းပခဲ့သေးသည်။

ဘန်ကောက်မြို့ရှိ အဓိကမြို့တွင်းလမ်းကြောင်းများသည် လီဗာပူးပရိသတ်များ၏ချီတက်ပွဲကြောင့် အနှောင့်အယှက်များဖြစ်ခဲ့ရပြီး ယာဉ်ကြောပိတ်ဆို့မှုပေါင်းများစွာဖြစ်ခဲ့ကြောင်း The Nation က ရေးသားထားသည်။

လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရရှိသည်ကို ဂုဏ်ပြုသည့် ထိုင်းနိုင်ငံရှိ လီဗာပူးပရိသတ်များ၏ချီတက်ပွဲကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဘန်ကောက်မြို့ရှိ ခရီးသည်များကို အစားထိုးလမ်းကြောင်းများ စီစဉ်ပေးခဲ့ရကြောင်း ယာဉ်လမ်းကြောကြီးကြပ်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံရှိ လီဗာပူးပရိသတ်များသည် ချီတက်ပွဲအခမ်းအနားကို CentralWorld တွင် မွန်းလွဲ ၁ နာရီ ဝန်းကျင်၌ စတင်ကျင်းပခဲ့ပြီး ယင်းနောက်တွင် အောင်ပွဲခံကျောက်တိုင်နှင့် Central Ladprao တို့ကို ဆက်လက်ဖြတ်သန်းခဲ့ကာ Dan Neramit တွင် ချီတက်ပွဲအခမ်းအနား ပြီးဆုံးသွားခဲ့သည်။

ယခု ချီတက်ပွဲအခမ်းအနားဆီသို့ လီဗာပူးနောက်ခံလူဟောင်း ရစ္စနှင့် အသင်း၏နာမည်ကျော်ပရိသတ်များစွာ တက်ရောက်ခဲ့သော်လည်း သတင်းများအရ ချီတက်ပွဲ တက်ရောက်လာသော ပရိသတ်အရေအတွက်မှာ မျှော်လင့်ထားသည်ထက် ပိုနည်းခဲ့သည်ဟု ပွဲစီစဉ်ရာတွင်ပါဝင်သော လီဗာပူးအမာခံပရိသတ်တစ်ဦးက ပြောကြားခဲ့သည်။

Source – The Nation