ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာများတွင် မိုးဦးကျတောခုတ်ရာသီ၌ တောခုတ်ခဈေး နှစ်ဆနီးပါးမြင့်တက်လာကြောင်း တောင်သူအချို့ထံမှ သိရသည်။
ယမန်နှစ်က မိုးဦးရာသီက တောခုတ်အလုပ်သမားငှားရမ်းရာတွင် နေ့စားခအဖြစ် တစ်ရက်လျှင် ၁၃၀၀၀ ကျပ် ဝန်းကျင်ရှိရာက လက်ရှိတွင် ၂၅၀၀၀ ကျပ် ဝန်းကျင်အထိ ဖြစ်လာကြောင်း တောင်သူအချို့နှင့် တောခုတ်အလုပ်သမားအချို့က ဆိုသည်။
“ဓာတ်ဆီဈေးတွေ တအားမြင့်တက်လာတော့ တောခုတ်ခေါ်တဲ့သူသိပ်မရှိပေမယ့် အလုပ်တော့လုပ်နေရတယ်”ဟု မနိုးရုံးကျေးရွာနေ တောခုတ်အလုပ်သမားတစ်ဦးက ပြောသည်။
မြိတ်-တနင်္သာရီ လမ်းပိုင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များက ယခုနှစ် ဧပြီလကစပြီး ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာအချို့ကို စက်သုံးဆီတင်ဆောင်ခွင့် ကန့်သတ်ထားသည်။
ယင်းကြောင့် အခြားဒေသများမှ ရေလမ်းကြောင်းဖြင့် သယ်ယူရသည့်အတွက် ဈေးကြီးပေးဝယ်နေရကြောင်း ဒေသခံအချို့က ဆိုသည်။
ယင်းသို့ မကန့်သတ်မီက ဓာတ်ဆီတစ်လီတာလျှင် ၃၀၀၀ ကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိရာက လက်ရှိတွင် ကျပ် ၅၀၀၀ အထိ ပေးနေရကြောင်း ဒေသခံများထံမှ သိရသည်။
ကွမ်းခြံ၊ရာဘာခြံများတွင် မလိုအပ်သည့်အပင်များကိုမြက်ခုတ်စက်ဖြင့် ခုတ်ထွင်ရှင်းလင်းရပြီး ဓားအသုံးပြုကာ တောခုတ်သူများလည်းရှိသည်။
“ဒီနှစ်က မုတ်သုန်ဝင်တာစောလို့ ဝောာစောစောခုတ်နေရတယ်။ ရှေ့နှစ်တွေက ၆ လပိုင်းလလယ်လောက်မှ ခုတ်ဖြစ်တယ်။ မိုးရွာလိုက် ချုံထူလာလိုက်နဲ့ တောခုတ်ခတော်တော်ကုန်ကျတယ်။ဓာတ်ဆီဈေး၊ အလုပ်သမားဈေးနဲ့”ဟု ဘုတ်ပြင်းမြို့နယ်နေ ကွမ်းသီးခြံပိုင်ရှင်တစ်ဦးက ဆိုသည်။
ဥယျာဉ်ခြံများတွင် လေးလတစ်ကြိမ် သို့မဟုတ် ၃လတစ်ကြိမ် တောခုတ်ရှင်းလင်းပေးရလေ့ရှိကြောင်း တောင်သူအချို့ထံမှ သိရသည်။