မြိတ်မြို့၊ ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် အသက် ၄နှစ်နှင့် ၃လအရွယ် ကလေးငယ် တစ်ဦး မေလ ၂၄ရက်ညက သေဆုံးကြောင်း နာရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သည့် ဝဋံသကနာရေးကူညီမှု အသင်းထံမှ သိရသည်။
အဆိုပါကလေးငယ်သည် မြိတ်မြို့၊ တောင်ပြိုရပ်၊ မြို့ပတ် (၁) လမ်းတွင် နေထိုင်သူဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။
“ကလေးငယ်က သွေးလွန်တုပ်ကွေးလည်းဖြစ်တယ်။ အရင် အခြားရောဂါအခံလေးတွေလည်း နည်းနည်းရှိတော့ သွေးလွန် တုပ်ကွေးဖြစ်တဲ့အခါ လက္ခဏာက နည်းနည်းပြင်းပြီး အသက်ဆုံးရှုံးသွားတယ်” ဟု မိသားစု၏ ပြောပြချက်ကို ကိုးကား၍ ဝဋံသကနာရေးကူညီမှု အသင်းဝင်တစ်ဦးက ပြန်ပြောင်းပြောဆိုသည်။
မြိတ်မြို့တွင် သွေးလွန်တုပ်ကွေးလက္ခဏာဖြင့် ဆေးရုံ၊ ဆေးခန်းများတွင် လာရောက်ကုသနေသည့် ကလေးလူနာများ ရှိနေကြောင်း မြို့ခံများနှင့် ပရဟိတအသင်းများထံမှ သိရသည်။
ယခုမေလအတွင်း ထားဝယ်မြို့တွင်လည်း သွေးလွန်တုပ်ကွေးရောဂါဖြင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့သည်။
ထားဝယ်ခရိုင်တွင် သင်္ကြန်ကာလပြီးကတည်းက သွေးလွန်တုပ်ကွေးလက္ခဏာဖြင့် ကလေးလူနာများ စရှိနေပြီး ယခုလက်ရှိတွင် နေ့စဉ်နီးပါး သွေးလွန်တုပ်ကွေးလက္ခဏာဖြင့် ဆေးရုံရောက်လာသူများရှိလာနေသဖြင့် ထားဝယ်မြို့ခံ လူမှုကူညီရေးအသင်းများက ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြသည်။