BREAKING
May 25, 2025

ကော့သောင်းမြို့တွင် နေအိမ်နှစ်လုံးမီးလောင်

May 25, 2025

ပုံစာ - ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်တွင် မေလ ၂၄ ရက် မီးလောင်မှုကို မီးငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ - Abdual Rashid

ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်၊ ပ.လ.က ကွင်းအနီးရှိ နေအိမ်နှစ်လုံး မေလ ၂၄ ရက် မွန်းလွဲပိုင်းတွင် မီးလောင်ပျက်စီးခဲ့ကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရသည်။

မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေသူများ ဝိုင်းဝန်းငြှိမ်း သတ်မှုကြောင့် မိနစ် ၂၀ခန့်အကြာတွင် မီးထိန်းနိုင်ခဲ့ကြောင်း မီးငြှိမ်းသတ်ရာတွင် ပါဝင်သည့် ရပ်ကွက်နေသူတစ်ဦးက ပြောသည် ။

“မီးက နှစ်အိမ်စလုံး အပေါ်ထပ်မှာ မီးစွဲသွားပြီးလောင်နေတယ်။ မီးလောင်ချိန် မိုးလည်းနည်းနည်းရွာနေတာရော မီးသတ်ကားလည်း အရောက်မြန်တာကြောင့်ရော မီးငြိမ်းမြန်သွားတယ်” ဟု ၎င်းက ဆိုသည် ။

မီးလောင်ကျွမ်းရသည့် အကြောင်းအရင်း တိတိကျကျ မသိရသေးသလို မီးသတ်ဦးစီးဌာနကလည်း အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ ယနေ့ မေလ ၂၅ ရက် နံနက်ပိုင်းအထိ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

မီးလောင်မှုကြောင့် နေအိမ်နှစ်လုံး၏ အပေါ်ထပ် အားလုံးနီးပါး မီးလောင်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရသည်။