မြိတ်-ထားဝယ်သွားကားလမ်းဖြစ်သည့် အမှတ်-၈ ပြည်ထောင်စုကားလမ်းမကြီးကို ညဘက်ဖြတ်သန်းသွားလာခွင့် ဧပြီလ ၂၄ မှစတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ ဧပြီ ၂၅ ရက်တွင် အသိပေးချက်ထုတ်ပြန်လာသည်။
သရက်ချောင်းမြို့နယ် အောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွား နေသဖြင့် တိုက်ပွဲဧရိယာအတွင်းရှိ ထားဝယ်-မြိတ် အမှတ်-၈ ပြည်ထောင်စုကားလမ်းမကြီးကို ည ၇ နာရီမှ နံနက် ၅ နာရီအတွင်း လုံးဝ ဖြတ်သန်းသွားလာခွင့် မပြုကြကြောင်း ဆိုသည်။
အဆိုပါလမ်းကို ဖြတ်သန်းသွားလာရာတွင် ပကဖအဖွဲ့၏ စစ်ဆေးခြင်းအပြင် ထုတ်ပြန်ချက်ကို လိုက်နာမှုမရှိဘဲ သွားလာပါက ထိခိုက်မှုတစ်စုံတစ်ရာအတွက် လုံးဝ တာဝန်ယူမည်မဟုတ်ကြောင်းလည်း ဖော်ပြသည်။
ယင်းအပြင် မသင်္ကာဖွယ်ရာအားလုံးကို ထိရောက်စွာအရေးယူမည်ဟု သတိပေးထားသည်။
ဧပြီလ ၁၈ ရက်ကစပြီး အဆိုပါကားလမ်းပေါ်ရှိ ဝင်းဝနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်-PDF၊ ပကဖအဖွဲ့များ ပစ်ခတ်တိုက်ခိုက်နေသဖြင့် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသည်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားသည့်ရက်မှစတင်ကာ မြိတ်-ထားဝယ်သွားကားလမ်းပိတ်သွားပြီး ယနေ့အထိ ကားအတက်အဆင်း လုံးဝမရှိကြောင်း သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီက ဧပြီလ ၁၉ရက်၊ ၂၁ရက်နှင့် ယနေ့တို့တွင် ကျေးရွာများကို လေယာဉ်ဖြင့် ငါးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကနက်သီရိရွာအနီး ပင်လယ်ပြင်တွင် ကျောက်ချရပ်နားနေသည့် စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။
အလားတူ သရက်ချောင်းအောက်ဘက် ပုလောမြို့နယ်၊ ပလောက်မြို့အနီး ထားဝယ်-မြိတ်ကားလမ်းပေါ်က ဆင်ထိုးကြီးရွာ တွင်လည်း KNLA နှင့် စစ်ကောင်စီတပ်များကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး ဆင်ထိုးကြီးနှင့် အင်းမရွာတို့ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းပိတ်ထားပြီး ခရီးသည်တင် ကားများနှင့် ကုန်တင်ကားများ ထားဝယ်နှင့် ပုလောဘက်တို့တွင် ပိတ်မိနေသည်။
ကားလမ်းပိတ်နေသဖြင့် ရေလမ်းဖြင့် ခရီးသည်များကို ပို့ဆောင်နေပြီး တစ်ဦးလျှင် ကျပ်သုံးသိန်း အကုန်အကျခံကာ သွားနေရသည်။