ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီ တကူအုပ်စုကို စစ်အာဏာရှင်တပ် ကာမီကာဇေဒရုန်းဖြင့်တိုက်ခိုက်မှု ခြောက်ကြိမ်အထိရှိလာ

March 25, 2026

ပုံစာ - တကူကျေးရွာအုပ်စုကို စစ်အာဏာရှင်တပ်က တိုက်ခိုက်ခဲ့သည့် ကာမီကာဇေဒရုန်း(ပုံဟောင်း)

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုကို စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းဖြင့်တိုက်ခိုက်မှု ခြောက်ကြိမ်အထိ ရှိလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် ဒေသခံများထံမှ သိရသည်။

ဇဝဲကျေးရွာအခြေစိုက် စစ်အာဏာရှင်တပ် ၅၅၆ ခြေမြန်တပ်ရင်းက မတ်လ ၂၄ရက် နေ့လယ် ၁၂နာရီဝန်းကျင် တကူကျေးရွာအုပ်စု ရွာမကျေးရွာကို ကာမီကာဇေဒရုန်းနှစ်စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“(ပေါက်ကွဲသံ) အသံက အရင်ကထက် ပိုကျယ်တယ်။ ထိခိုက်တာ မရှိဘူးလို့တော့ သိရတယ်” ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်မှုမှာ ရွာမကျေးရွာနှင့် အလယ်ပိုင်းကျေးရွာတို့ကို အများဆုံး တိုက်ခိုက်ခဲ့ကြောင်း အထက်ပါ ဒေသခံက ပြောဆိုသည်။

ကာမီကာဇေဒရုန်းမှာ ဒရုန်းကို အဆုံးအရှုံးခံပြီး ဝင်ရောက်တိုက်ခိုက်ဖောက်ခွဲခြင်းဖြစ်ပြီး အသေခံဒရုန်းဟု လူသိများသည်။

စစ်အာဏာရှင်တပ်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ကာမီကာဇေဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ယင်းနောက် ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၁ ရက်၊ မတ်လ ၁၀ ရက်၊ ၁၆ ရက်နှင့် ၂၄ရက်တို့တွင် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်နှင့် ဒေသခံများထံမှ သိရသည်။

စစ်အာဏာရှင်တပ် ၅၅၆ ခြေမြန်တပ်ရင်းတွင် ဒရုန်းသင်တန်းရှိနေသည်ဟု ကြားသိရကြောင်း ဇဝဲကျေးရွာ ဒေသခံအချို့က ဆိုသည်။

မတ်လ ၂၄ရက်က တိုက်ခိုက်မှုတွင် ကာမီကာဇေဒရုန်းနှစ်စီးလုံးသည် ရွာမကျေးရွာကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

“အသေခံဒရုန်းနဲ့ တိုက်နေတာ အခုက ခြောက်ကြိမ်မြောက်ဖြစ်ပြီ။ ခြောက်ကြိမ်လုံး တိုက်ပွဲဖြစ်တာ မရှိဘူး။ ကွဲတဲ့အခါ ကွဲတယ်။ မကွဲအခါ မကွဲဘူး”ဟု ၎င်းက ပြောသည်။

အထက်ပါ တိုက်ခိုက်မှုများတွင် လူနှင့် အဆောက်အအုံ ထိခိုက်မှုမရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် ဒေသခံများထံမှ သိရသည်။

ကာမီကာဇေဒရုန်းမှာ ပစ်မှတ်တိကျပြီး ထိရောက်မှုရှိသဖြင့် စစ်အာဏာရှင်တပ်က အသုံးပြုလာခြင်း ဖြစ်ကြောင်း မြိတ်ခရိုင် အမှတ် (၂) တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“ရဲဘော် ရှိရှိ မရှိရှိ သူတို့က (ကျွန်တော်) တို့ဘက်က ထိန်းချုပ်နယ်မြေတွေကို ပစ်မှတ်ထားတယ်ပဲ မဟုတ်လား။ သူတို့ အဲဒီလို ထင်လို့ချတာပဲ” ဟု ၎င်းက ပြောဆိုသည်။

စစ်အာဏာရှင်တပ်သည် ကာမီကာဇေဒရုန်းဖြင့် တကူနှင့် ပဝကျေးရွာ အုပ်စုများကို တိုက်ခိုက်လျက်ရှိသည်။ အဆိုပါကျေးရွာနှစ်ရွာသည် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နေရာဖြစ်သည်။