ထားဝယ်မြို့တွင် စုံ၊ မ ခွဲစနစ် ကန့်သတ်ချက်အား ချိုးဖောက်မောင်းနှင်သူများကို မနက်ဖြန် မတ်လ ၂၆ရက်မှစတင်၍ အဖွဲ့စုံဖြင့် စစ်ဆေးအရေးယူမည်ဖြစ်ဟု လိုက်လံကြေညာနေကြောင်း မြို့ခံများက ပြောသည်။
တိုင်းစစ်ကော်မရှင်က ဖွဲ့စည်းထားသည့် စုပေါင်းအဖွဲ့က ယနေ့ မတ်လ ၂၅ ရက် နံနက်ပိုင်းမှစတင်ကာ ထားဝယ်မြို့ပေါ်တွင် သုံးဘီးမော်တော်ယာဉ်ဖြင့် လိုက်လံကြေညာနေခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။
“သူတို့ ပညာပေးကာလ ပြီးဆုံးပြီဖြစ်လို့ အဖွဲ့စုံနဲ့ မနက်ကစပြီး စောင့်ကြည့် စစ်ဆေးအရေးယူတော့မယ်ဆိုပြီး ဒီနေ့ လိုက်ကြေညာနေတယ်။ အရင်က ဒီလို မကြေညာဘူး” ဟု ၎င်းက ပြောဆိုသည်။
ယင်းအပြင် ယနေ့ မတ်လ ၂၅ ရက် နံနက်က စက်သုံးဆီဝယ်ယူရာတွင်လည်း မော်တော်ယာဉ် ဝှီးတက်ကတ်ပြား (ဒေသအခေါ် ဒိတ်ဝိုင်း) ပြသခိုင်းကြောင်း မြို့ခံအချို့က ပြောသည်။
အမေရိကန်၊ အစ္စရေးနှင့် အီရန်စစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်း စက်သုံးဆီအခက်အခဲကြုံနေပြီး မြန်မာနိုင်ငံတွင်လည်း စက်သုံးဆီ ချွေတာရေးအတွက်ဟုဆိုကာ မတ်လ ၇ရက်က ကစပြီး စစ်ကော်မရှင်က မော်တော်ယာဉ်များကို စုံ၊ မ ခွဲ စနစ်ဖြင့် မောင်းနှင်ရန် ကန့်သတ်ခဲ့သည်။
ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်များတွင်လည်း မတ်လ ၁၀ရက်မှစပြီး စုံမ စနစ်ဖြင့် မော်တော်ယာဉ်များကို စက်သုံးဆီ ရောင်းချခဲ့သည်။
လက်ရှိတွင် ထားဝယ်မြို့တွင် မော်တော်ယာဉ် အချို့မှာ ပုံမှန်အတိုင်းသွားလာနေကြသလို စက်သုံးဆီ ဆိုင်များတွင်လည်း စုံ၊ မ မော်တော်ယဉ်များ စက်သုံးဆီတန်း စီဝယ်ယူမှုများရှိ နေဆဲဖြစ်ကြောင်း မြို့ခံအခြားတစ်ဦးက ပြောဆိုသည်။
“စစချင်း လိုက်နာကြတယ်။ နောက်ပိုင်းကြပ်ကြပ်မတ်မတ် ဖမ်းဆီးတာမျိုးတွေ မရှိတော့ ပုံမှန်အတိုင်းပဲ ပြန်ဖြစ်သွားတယ်။ ဆီဆိုင်တွေမှာလည်း ဒီလိုပဲ လူများလာတော့ တစ်စီးချင်း လိုက်မကြည့်နိုင်တော့ဘူး” ဟု ၎င်းက ပြောသည်။
ယနေ့ လိုက်လံကြေညာမှုတွင်မူ အဖွဲ့စုံဖြင့် စောင့်ကြည့်စစ်ဆေးဖမ်းဆီးအရေးယူမည်ဟုသာပါရှိပြီး မည်ကဲ့သို့ အရေးယူမည်ကို ကြေညာသွားခြင်း မရှိကြောင်း မြို့ခံအချို့က ဆိုသည်။
စစ်ကော်မရှင်ကမူ စုံ၊ မ စနစ် ကန့်သတ်ချက် ချိုးဖောက်သူများကို ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၆ အရ ကျပ်သုံးသောင်းထက် မပိုသော ငွေဒဏ်ချမှတ်မည်ဟု ဆိုကြောင်း ပြည်တွင်း သတင်းအချို့တွင် ဖော်ပြသည်။







