ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လုပ်ခလစာပြဿနာကြောင့် ABC သတင်းဌာနဝန်ထမ်းရာချီ သပိတ်မှောက်

March 25, 2026

ဩစတြေးလျအခြေစိုက် ABC သတင်းဌာနက ဝန်ထမ်းရာပေါင်းများစွာသည် လုပ်ခလစာပြဿနာကြောင့် ယနေ့ မတ်လ ၂၅ ရက်တွင် တစ်ရက်တာ အလုပ်မဆင်းဘဲ သပိတ်မှောက်ဆန္ဒပြကြသည်။

ယင်းမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် သပိတ်မှောက်ဆန္ဒပြမှုဖြစ်ပြီး ABC သတင်းဌာန၏ တိုက်ရိုက် သတင်းတင်ဆက်မှုများ အနှောင့်အယှက်ဖြစ်ပေါ်ခဲ့သည်။

ဝန်ထမ်းများ၏ သပိတ်မှောက်ဆန္ဒပြမှုသည် ဒေသစံတော်ချိန် ယနေ့ နံနက် ၁၁ နာရီတွင် စတင်ခဲ့ရာ ABC သတင်းဌာန၏ အစီအစဉ်များကို ဗြိတိန်အခြေစိုက် BBC သတင်းဌာန၏ တင်ဆက်မှုအစီအစဉ်များဖြင့် ပြောင်းလဲထုတ်လွှင့်ခဲ့ရသည်။

ABC သတင်းဌာနက ဝန်ထမ်းများနင့် စီမံခန့်ခွဲသူများအကြား လနှင့်ချီကြာမြင့်သည့် လစာညှိနှိုင်းမှုများ မပြေလည်ခဲ့သည့်နောက် ယခု သပိတ်မှောက်ဆန္ဒပြမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

သုံးနှစ်အတွင်း ဝန်ထမ်းများအတွက် လစာ ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးရန် သတင်းဌာနတာဝန်ရှိသူများဘက်က နောက်ဆုံးကမ်းလှမ်းချက်ကို ABC သတင်းဌာန၏ ဝန်ထမ်းအများစုက ယခုသီတင်းပတ်အတွင်း ပယ်ချလိုက်သည်။

အမြဲတမ်းဝန်ထမ်းနှင့် ယာယီဝန်ထမ်းများအတွက် အပိုဆုကြေး ဩစတြေးလျဒေါ်လာ တစ်ထောင် ပေးမည်ဆိုသည့် ကမ်းလှမ်းချက်ကိုလည်း ဝန်ထမ်းအများစုက ပယ်ချခဲ့သည်။

ABC သတင်းဌာန၏ ဝန်ထမ်းအင်အား ၄၅၀၀ အနက် သုံးပုံတစ်ပုံမှာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ ဖြစ်ကြောင်း သိရသည်။

ဝန်ထမ်းများနှင့် စီမံခန့်ခွဲသူများအကြား ဆွေးနွေးမှုများ မအောင်မြင်ခဲ့သည့်အတွက် ဝန်ထမ်း တစ်ထောင်ခန့်က အလုပ်မဆင်းဘဲ ဆန္ဒပြသပိတ်မှောက်ရန် ထောက်ခံမဲပေးခဲ့ကြကြောင်း သိရသည်။

“ABC ဝန်ထမ်းတွေအနေနဲ့ ကုန်ဈေးနှုန်းနဲ့လိုက်မီတဲ့ မျှတတဲ့ လစာရဖို့၊ စစ်မှန်တဲ့ အလုပ်အကိုင်အာမခံချက်ရရှိဖို့နဲ့ သြစတြေးလျပြည်သူတွေကို ဂုဏ်သိက္ခာရှိရှိ ဆက်လက်အလုပ်အကျွေးပြုနိုင်မယ့် လုပ်ငန်းခွင်အခြေအနေတွေ ရရှိဖို့အတွက် အခုလို ဆုံးဖြတ်ချက်ချခဲ့ကြတာ ဖြစ်ပါတယ်” ဟု ယင်းသမဂ္ဂ၏ အမှုဆောင်အရာရှိချုပ် အီရင် မက်ဒ်လေက ပြောကြားခဲ့သည်။

ကုမ္ပဏီဘက်က ကမ်းလှမ်းချက်သည် ငွေကြေးဖောင်းပွမှုနှုန်းအောက် ရောက်နေပြီး ဝန်ထမ်းများ၏ အလုပ်အကိုင် အာမခံချက်ပေးရန်လည်း ပျက်ကွက်ကြောင်း မီဒီယာ၊ ဖျော်ဖြေရေးနှင့် အနုပညာမဟာမိတ်သမဂ္ဂ (MEAA) က ဆိုသည်။

သြစတြေးလျဒေါ်လာ တစ်ထောင် အပိုဆုကြေးပေးမည့် အစီအစဉ်တွင် အချိန်ပိုင်းဝန်ထမ်းများအတွက် ပါဝင်ခြင်း မရှိပေ။

Source: Reuters