ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကန်နှင့် အီရန်အကြား ဆွေးနွေးပွဲကျင်းပပေးရန် အသင့်ရှိကြောင်း ပါကစ္စတန် ပြော

March 25, 2026

အရှေ့အလယ်ပိုင်းစစ်ပွဲ အဆုံးသတ်နိုင်ရေးအတွက် အမေရိကန်နှင့် အီရန်အကြား အဓိပ္ပါယ်ပြည့်ဝပြီး အပြီးသတ်ရလဒ်ထွက်ပေါ်စေမည့် ဆွေးနွေးပွဲများ လက်ခံကျင်းပပေးရန် ၎င်းတို့ အသင့်ရှိကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှရစ်ဖ်က မတ်လ ၂၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

“ဒေသတွင်းနဲ့ ဒေသပြင်ပ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ရှေးရှုပြီး အရှေ့အလယ်ပိုင်း စစ်ပွဲကို အဆုံးသတ်ဖို့အတွက် တွေ့ဆုံဆွေးနွေးမှုတွေကတစ်ဆင့် ကြိုးပမ်းနေတာတွေကို ပါကစ္စတန်အနေနဲ့ ကြိုဆိုထောက်ခံပါတယ်” ဟု ရှရစ်ဖ်က X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားပြောဆိုခဲ့သည်။

“အမေရိကန်နဲ့ အီရန် နှစ်ဖက်စလုံးက သဘောတူညီမယ်ဆိုရင် လက်ရှိပဋိပက္ခကို ဘက်စုံဖြေရှင်းနိုင်မယ့် အဓိပ္ပာယ်ရှိတဲ့ အပြီးသတ်ဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် ပါကစ္စတန်က ဂုဏ်ယူစွာနဲ့ ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးဖို့ အသင့်ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။

တနင်္ဂနွေနေ့က ပါကစ္စတန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အာဆင် မူနီယာနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံပြီး အီရန်စစ်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ပါကစ္စတန်ဝန်ကြီးချုပ်၏ ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန်နှင့် အီရန်အဆင့်မြင့်အရာရှိများအကြား ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်မည့် နေရာတစ်ခုအဖြစ် ပါကစ္စတန်ဘက်က ကမ်းလှမ်းထားကြောင်း သိရသည်။

ပါကစ္စတန်ဝန်ကြီးချုပ်ရှရစ်ဖ်၏ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် မကြာမီမှာပင် သမ္မတထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ယင်းထုတ်ပြန်ချက်ကို Screenshot ရိုက်၍ ပြန်လည်မျှဝေခဲ့သည်။

အီရန်စစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးရန်အတွက် အမေရိကန် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က ပါကစ္စတန်သို့ တစ်ရက်နှစ်ရက်အတွင်း ရောက်ရှိလာမည်ဖြစ်ကြောင်း ပါကစ္စတန်သတင်းအမြစ်များက Anadolu သတင်းဌာနကို ပြောသည်။

သို့ရာတွင် အီရန်ဘက်က အမေရိကန်နှင့် ဆွေးနွေးရန် ယုံကြည်မှုကင်းမဲနေဆဲဖြစ်၍ စားပွဲဝိုင်းအတွက် အဆင်သင့်မဖြစ်ကြောင်း အဆိုပါ သတင်းအရင်းအမြစ်များက ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။

Source: Anadolu Agency