ကမ္ဘာကြီး ပူနွေးလာမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးကို လူအများ သိရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်နေသော လျှပ်စစ်မီး တစ်နာရီကြာပိတ်သည့် Earth Hour 2026 လှုပ်ရှားမှုတွင် ပြည်သူများ ပါဝင်ဆောင်ရွက်ကြရန် ထိုင်းအစိုးရက တိုက်တွန်းလိုက်သည်။
ရာသီဥတုပြောင်းလဲလာမှုကို သတိပြုမိရန်နှင့် မလိုအပ်ဘဲ စွမ်းအင်သုံးစွဲနေမှုများကို လျှော့ချနိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုဖြစ်သော လျှပ်စစ်မီးကို တစ်နာရီကြာ မသုံးစွဲသည့် Earth Hour လှုပ်ရှားမှုတွင် ထိုင်းပြည်သူများလည်း ပါဝင်ကြရန် ဒုတိယ အစိုးရပြောခွင့်ရပုဂ္ဂိုလ် Lalida Phoetwiwatthana က ပြောသည်။
Earth Hour လှုပ်ရှားမှုကို လာမည့် မတ်လ ၂၈ ရက်နေ့ စနေနေ့ ည ၈ နာရီခွဲမှ ၉ နာရီခွဲအထိ တစ်နာရီအကြာ အခြားနိုင်ငံများနှင့်အတူ ပြိုင်တူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါလှုပ်ရှားမှုကို ဘန်ကောက်မြို့တော် လျှပ်စစ်ကော်မတီက ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သလို ဘန်ကောက်၊ စမွတ်ပရကန်၊ နွန်ထဘူရီနှင့် အခြားခရိုင်များက ပြည်သူများလည်း ပူးပေါင်းပါဝင်ပေးကြရန် အစိုးရက တိုက်တွန်းထားသည်။
ပြည်သူများအနေဖြင့် အိမ်မှာနေသည်ဖြစ်စေ၊ အလုပ်၊ ကွန်ဒို၊ တိုက်ခန်း၊ ကျောင်း၊ တက္ကသိုလ်စသည့်နေရာများတွင် နေထိုင်ကြသည်ဖြစ်စေ လျှပ်စစ်မီး တစ်နာရီကြာ ပိတ်မည့် Earth Hour လှုပ်ရှားမှုတွင် ပါဝင်ပေးကြရန် ဘန်ကောက်မြို့တော်အာဏာပိုင်များကလည်း တိုက်တွန်းထားသည်။
Earth Hour လှုပ်ရှားမှုသည် လျှပ်စစ်မီးများကို မလိုအပ်ဘဲ သုံးစွဲမှုများမှ လျှော့ချနိုင်မည်ဖြစ်သလို ကမ္ဘာကြီးပူနွေးလာမှုကို ဖြေရှင်းနိုင်ကာ ပိုမိုကောင်းမွန်သော ဂေဟစနစ်ကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း အစိုးရက ပြောသည်။
Earth Hour လှုပ်ရှားမှုကို ၂၀၀၇ ခုနှစ်က ဩစတေးလျနိုင်ငံတွင် ပထမဆုံးစတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူပေါင်း ၂ ဒသမ ၂ သန်းကျော်နှင့် လုပ်ငန်းပေါင်း ၂၀၀၀ ကျော်က ပူးပေါင်းပါဝင်ခဲ့ကြသည်။
Ref: The Nation Thailand, Bangkok Post







