ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးပြီး လက်နက်ကြီးဖြင့်ဆက်တိုက်ပစ်ခတ်

March 25, 2026

ရေဖြူမြို့နယ်၊ ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းရှိ ကျေးရွာများတွင် ယခုမတ်လနှောင်းပိုင်းတွင် စစ်အာဏာရှင်တပ်က တောလမ်းအသုံးပြုကာ စစ်ကြောင်း ပြန်လည်ထိုးလာပြီး လက်နက်ကြီးလည်း ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

အဆိုပါ လမ်းပိုင်းရှိ မိုင် ၆၀ရွာတွင် မတ်လ ၁၉ရက်က စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များအကြား ထိတွေ့တိုက်ပွဲ တစ်ကြိမ်ဖြစ်ပြီးနောက် စစ်အာဏာရှင်တပ်ဘက်က ကျေးရွာများဘက်သို့ မတ်လ ၂၄ရက် ညအထိ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် မတ်လ ၂၀ရက်က ရာဖူးရွာရှိ ရော်ဘာခြံတစ်ခုတွင် လုပ်ကိုင်နေသည့် မိသားစုတစ်စု ကျည်စထိမှန်၍ သားအဖနှစ်ဦး သေဆုံးကာ သားအမိနှစ်ဦး ဒဏ်ရာရခဲ့သည်။

စစ်အာဏာရှင်တပ်သည် မရမ်းချောင်း၊ မိုင် ၆၀ နှင့် ရာဖူးရွာများတွင် ရက်ပိုင်းစီ အလှည့်ကျ ပြောင်းရွှေ့တပ်စွဲနေထိုင်ပြီး ၎င်းတို့တပ်စွဲနေစဥ် ရွာသူရွာသားများကိုလည်း ခေတ္တပြောင်းရွှေ့ခိုင်းကြောင်း ဒေသခံများက ဆိုသည်။

“စကစက သူတို့ နေတဲ့နားကလောက်ပဲ ပြောင်းခိုင်းတယ်။ ယာယီတပ်စွဲတဲ့ နေရာတွေပေါ့။ ပြီးတော့လည်း ရွာသားတွေက ပြန်နေကြတာပါပဲ။ ရာဖူးမှာတော့ (စစ်အာဏာရှင်တပ်) အနေများတယ်။ အခုတော့ တစ်ရွာကို သုံးရက်လောက်နေတယ်” ဟု မရမ်းချောင်းရွာသားတစ်ဦးက ပြောဆိုသည်။

မလွှဲတောင် – ကလိန်အောင်လမ်းပိုင်းတွင် စစ်အာဏာရှင်တပ်သည် အဖွဲ့များခွဲကာ တပ်ဖြန့် နေရာယူထားသည့် အင်အားမှာ အင်အား နှစ်ရာဝန်းကျင်ခန့်ပါဝင်ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

လမ်းမပေါ်တွင် အင်အား ၅၀ ခန့်ရှိနေသလို တောလမ်းကို အသုံးပြုကာ စစ်ကြောင်းထိုးနေခြင်း၊ တစ်ပြိုင်တည်း ကျေးရွာနှစ်ရွာတွင် တပ်စွဲခြင်းတို့လည်း ရှိကြောင်း ၎င်းတို့က ဆိုသည်။

မရမ်းချောင်း၊ မိုင် ၆၀ နှင့် ရာဖူးရွာတို့အပြင် ယင်းလမ်းပိုင်းရှိ ကျွဲတလင်း၊ ဆင်စွယ်ရွာတို့တွင်လည်း တပ်စွဲကြောင်း မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးမဟာမိတ်တွင် ပါဝင်သည့် တော်လှန်ရေးတပ်တစ်ခု၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပြောက်ကျားလိုမျိုး တစ်ခါတစ်ရံ နယ်မြေပြန်လည်စိုးမိုးနိုင်ရေးအတွက် ကင်းရှည် လှည့်တဲ့ပုံစံမျိုးပါ ” ဟု ၎င်းက ပြောဆိုသည်။

ယင်းလမ်းပိုင်းတွင် စစ်ကြောင်းလှုပ်ရှားနေသည့် စစ်အာဏာရှင်တပ်များမှာ ကလိန်အောင်တပ်နယ်ရှိ ခလရ ၂၇၃ ၊ ၂၈၂ နှင့် ခမရ ၄၀၈ ၊ ၄၀၉ ၊ ၄၁၀ တပ်ရင်းများက စစ်အာဏာရှင်တပ်သားများပါဝင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ထားသည်။