ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထရမ့် ကတိဖျက်ပြီး အီရန်၏ ဓါတ်ငွေ့ပိုက်လိုင်းနှင့် စွမ်းအင်အဆောက်အအုံအချို့ကို တိုက်ခိုက်

March 25, 2026

အီရန်နိုင်ငံရှိ အဓိက စွမ်းအင်နှင့်ဆိုင်သော အဆောက်အအုံများကို တိုက်ခိုက်မှု ငါးရက်ကြာ ဆိုင်းငံ့ထားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသော်လည်း နောက်တစ်နေ့ မတ်လ ၂၄ ရက်နေ့တွင် ဓါတ်ငွေ့ပိုက်လိုင်းအပါအဝင် စွမ်းအင်အဆောက်အအုံများ ပစ်မှတ်ထားတိုက်ခိုက်ခံရကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။

အီရန်နှင့် ဆွေးနွေးရန်ဟုဆိုကာ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် စွမ်းအင်အဆောက်အအုံများကို တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ဆိုင်းငံ့ထားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၂၃ ရက်နေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်အနေဖြင့် စစ်ပွဲအဆုံးသတ်ရန် တီဟာရန်နှင့် ဆွေးနွေးနေကြောင်း ဒေါ်နယ်ထရမ့်က မတ်လ ၂၄ ရက်နေ့က ပြောကြားခဲ့သော်လည်း အမေရိကန်နှင့် ဆွေးနွေးခြင်းမရှိကြောင်း အီရန်ဘက်က ချက်ချင်းတုံ့ပြန်သည်။

စွမ်းအင်နေရာများကို တိုက်ခိုက်မှု ဆိုင်းငံ့ထားမည်ဖြစ်သော်လည်း အခြား စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကိုမူ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အမေရိကန် စစ်ဘက်အရာရှိက ထပ်လောင်းပြောကြားထားသည်။

ဒေါ်နယ်ထရမ့်ပြောပြီး နောက်တစ်နေ့ မတ်လ ၂၄ ရက်နေ့တွင် ဓါတ်ငွေ့ပိုက်လိုင်း၊ စွမ်းအင်အဆောက်အအုံများ၊ လက်နက်သိုလှောင်ရုံများနှင့် မြို့တော်တီဟာရန်ရှိ ဝန်ကြီးဌာနရုံးများကို အမေရိကန်နှင့် အစ္စရေးတပ်များက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရန်သတင်းဌာနများက ဖော်ပြသည်။

တိုက်ခိုက်ခံရမှုကြောင့် အီရန်နိုင်ငံ Khorramshah ဒေသရှိ ဓါတ်ငွေ့ပိုက်လိုင်းနှင့် Isfahan ဒေသရှိ စွမ်းအင်အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ဟုဆိုသည်။

ဓါတ်ငွေ့ပိုက်လိုင်း တိုက်ခိုက်ခံရမှုကြောင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံသို့ ဓါတ်ငွေ့ပေးပို့မှု ရပ်တန့်သွားပြီး နိုင်ငံအနောက်တောင်ပိုင်းရှိ ပြည်နယ်အချို့တွင် လျှပ်စစ်မီး ပြတ်တောက်ခဲ့သဖြင့် ချက်ချင်း ပြန်လည်ပြုပြင်ခဲ့ရကြောင်း ဖော်ပြသည်။

တိုက်ခိုက်ခံရသော နေရာ ၅၀ တွင် လက်နက်သိုလှောင်ရုံနှင့် လေကြောင်းကာကွယ်ရေးစနစ်များလည်း ပါဝင်ကြောင်း သိရသည်။

အီရန်စွမ်းအင်အဆောက်အုံများ တိုက်ခိုက်ခံရပြီးနောက် ယနေ့ မတ်လ ၂၅ ရက်နေ့တွင် ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လောင်စာဆီသိုလှောင်ကန်ကို အီရန်က ဒရုန်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သတင်းများတွင်ဖော်ပြသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စတင်တိုက်ခိုက်ခံရမှုကြောင့် အီရန်နိုင်ငံထဲတွင် ပြည်သူပေါင်း ၁၅၀၀ ကျော် သေဆုံးခဲ့ပြီး ၎င်းတို့အနက် ကလေးငယ် ၂၀၈ ဦး ပါဝင်နေကြောင်း‌ သိရသည်။

Ref: Aljazeera, REUTERS