ထိုင်းတွင် လောင်စာဆီ၊ လျှပ်စစ်မီတာခ၊ အိမ်သုံးဂတ်စ်နှင့် ကုန်ဈေးနှုန်းများကို လျှော့ချပေးရန် တက်ကြွလှုပ်ရှားသူများက ဝန်ကြီးချုပ် အနုထင် ချန်ဝီရကူကို စာပို့တောင်းဆိုခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
လောင်စာဆီအကျပ်အတည်းကြောင့် ကုန်ဈေးနှုန်းများ တက်လာနေချိန် ပြည်သူများ၏ အခက်အခဲများကို ဖြေရှင်းပေးရန် တက်ကြွလှုပ်ရှားသူများက ဦးဆောင်ပြီး ဝန်ကြီးချုပ် အနုထင် ချန်ဝီရကူထံ မတ်လ ၂၃ ရက်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
ထိုင်းတက်ကြွလှုပ်ရှားသူများက ဦးဆောင်ထားသည့် အဖွဲ့ပေါင်း ၁၄ ဖွဲ့က အစိုးရအိမ်တော်ရှိ တိုင်ကြားရေးစင်တာတွင် ယင်းအချက်များကို အရေးပေါ်ဖြေရှင်းပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
လောင်စာဆီဈေးနှုန်း လျော့ကျလာစေရန်အတွက် စည်းကြပ်ခွန်ဖြစ်သည့် ဆီတစ်လီတာလျှင် ၇ ဘတ်ကို ပယ်ဖျက်ရန်နှင့် ဆီသန့်စင်ခများကို တစ်လီတာလျှင် ၆ ဘတ်မှ ၂ ဘတ်သို့ လျှော့ချပေးရန် ပြည်သူများက တောင်းဆိုကြခြင်းဖြစ်သည်။


ယင်းသို့ ဖြေလျှော့ပေးပါက ဆီတစ်လီတာလျှင် ၁၁ ဘတ်အထိ ဈေးလျှော့နည်းသွားနိုင်ကြောင်း သိရသည်။
ယင်းအပြင် LPG အိမ်သုံးဂတ်စ်များကိုလည်း တစ်နှစ်အကြာ ဈေးနှုန်းထိန်းညှိပေးရန် တောင်းဆိုထားသည်။
ရွေးကောက်ပွဲကာလတွင် ကတိပြုခဲ့သည့်အတိုင်း လျှပ်စစ်မီတာခဈေးနှုန်းကိုလည်း လက်ရှိယူနစ်ပေါက်ဈေး ၄ ဒသမ ၁၃ ဘတ်မှ ၃ ဘတ်အထိ လျှော့ချပေးရန် ဝန်ကြီးချုပ်ထံ တောင်းဆိုထားသည်။
နောက်ထပ် အခြေခံစားသောက်ကုန်များ၏ ကုန်ဈေးနှုန်းများကို ထိန်းချုပ်ပေးရန်၊ တန်ဖိုးသင့် ကုန်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ချိပေးရန်၊ ပစ္စည်းပို့သမားများနှင့် အများပြည်သူ ပို့ဆောင်ရေးသမားများအတွက် ဆီကူပွန်များ ထုတ်ပေးရန် တောင်းဆိုထားသည်။
အစိုးရက ဆီလက်ကျန်နေ့ရက်များကို ၃၈ ရက်မှ ရက် ၆၀ ၊၉၀ နှင့် ၁၀၀ ရက်များ ထုတ်ပြောနေခြင်းကလည်း ပြည်သူများကို စိုးရိမ်မှု လွန်ကဲစေပြီး အခြေအနေကို ပိုမိုရှုတ်ထွေးစေကာ ပိုမိုဝယ်ယူသိုလှောင်မှုများကို ဖြစ်စေကြောင်း ထောက်ပြထားသည်။
လက်ရှိတွင် အစိုးရအဖွဲ့အတွင်း ဦးဆောင်နိုင်မှုကို စမ်းသပ်နေသည့်အခြေအနေဖြစ်နေပြီး အကျပ်အတည်းကာလတွင် အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းသည်ဟု စွပ်စွဲထားကာ ဆီသိုလှောင်မှုကို ပွင့်လင်းမြင်သာမှုရှိရန် တက်ကြွလှုပ်ရှားသူများက တိုက်တွန်းထားသည်။
Ref: Bangkok Post







