BREAKING
October 22, 2025

မြိတ်တွင် သုံးနှစ်အတွင်း တညင်းသီးဈေး သုံးဆနီးပါးမြင့်တက်

March 25, 2025

ဓာတ်ပုံ - Dawei Watch

မြိတ်တွင် သုံးနှစ်တာကာလအတွင်း တညင်းသီးဈေး သုံးဆနီးပါးမြင့်တက်လာကြောင်း မြိတ်မြို့နေ တညင်းသီး ကုန်သည်များထံမှ သိရသည်။

ယခုမတ်လ ရာသီအစတွင် အခွံနွှာပြီးသားတညင်းသီး သံပုံး (ဆီပုံး) တစ်ပုံးလျှင် ငွေကျပ် ကိုးသောင်းဝန်းကျင်အထိ ဈေးပေါက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

၂၀၂၂ ခုနှစ်ကမူ တညင်းသီးတစ်ပုံးလျှင် ကျပ် သုံးသောင်းဝန်းကျင် သာ‌ဈေးရှိခဲ့ပြီး သုံးနှစ်အတွင်း သုံးဆအထိ စျေတက်လာခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။

ရာသီဥတုအခြေအနေနှင့် နယ်မြေ မအေးချမ်းမှုများကြောင့် တညင်းသီး အထွက်နည်းလာကြောင်း တနင်္သာရီမြို့နယ်ရှိ တောင်သူတစ်ဦးက ဆိုသည်။

“ခူးရတဲ့ အခက်အခဲတွေက‌တော့ မျိုးစုံပါပဲ။ အခုချိန်မှာက တောထဲဝင်ရမှာတောင် ခပ်လန့်လန့်ပါပဲ။ မိုင်းအန္တရာယ်ကို ကြောက်ရ၊ ဒီကြားထဲ အသီးကလည်း အထွက်နည်းတယ်။ အရဲစွန့်ပြီး ရှာစားနေရတဲ့ဘဝတွေပါဗျာ” ဟု ၎င်းက ပြောသည်။

တညင်းပင်မှာ အပင်ကြီးအမျိုးအစားဖြစ်ပြီး တောတောင်ဥယျာဉ်များအတွင်း ပေါက်ရောက်လေ့ရှိပြီး အကြမ်းအားဖြင့် မိုးဦးကျရာသီတွင် တညင်းသီး အထွက်များလေ့ရှိသည်။

ယင်းအပြင် လတ်တလောဖြစ်နေသည့် တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများကြောင့် သယ်ယူစရိတ်များလာကြောင်း မြိတ်မြို့နေ တညင်းသီးကုန်သည်တစ်ဦးက ပြောဆိုသည်။

“တစ်နေရာကနေ တစ်နေရာကို ကုန်ပစ္စည်းသယ်ဖို့ မလွယ်ဘူး။ ဂိတ်ကြေးဘာကြေးနဲ့ ကုန်ပစ္စည်းသယ်ယူစရိတ်တွေက များလာတယ်။ ဒီ‌တော့ ရောင်းဈေးတွေကလည်း အဆမတန်တက်လာတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တညင်းသီးအစိမ်းတစ်လုံးလျှင် ငွေကျပ် နှစ်ရာဝန်းကျင်ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှသိရသည်။

ထားဝယ်ဒေသတွင်မူ လတ်တလော တညင်းသီးအရင့် ရှားပါးနေသေးကြောင်း ဒေသခံများထံမှ သိရသည်။

မြိတ်ဒေသထွက် တညင်းသီးကို တိုင်းပြင်ပရှိ မြန်မာပြည်အထက်ပိုင်းသို့ အဓိက တင်ပို့ရောင်းချကြကြောင်း အထက်ပါ ကုန်သည်က ပြောဆိုသည်။