သရက်ချောင်းမြို့နယ်အထက်ပိုင်း မြိတ်-ထားဝယ်ကားလမ်းတစ်လျှောက်ကို စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်က ပစ်ခတ်မှုကြောင့် မော်တော်ယာဉ်မောင်းတစ်ဦးသေဆုံးပြီး အရပ်သား ငါးဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။
အဆိုပါလမ်းရှိ ပိန်းတော၊ ပန်းပြင်၊ မဲနယ်အိုး၊ သရက်နှစ်ခွ၊ သင်းကျွန်း၊ ရန်တောင်၊ ညောင်ဇင်ရွာများကို စစ်အာဏာရှင်တပ် က ဖေဖော်ဝါရီလ ၂၃ရက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ဒေသခံအချို့က ဆိုသည်။
ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ပိန်းတောရွာ မှန်ကျောင်း ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည့် စစ်အာဏာရှင်တပ်ဖွဲ့သည် ကြက်စာတင်ဆောင်လာသည့် ၆ ဘီးတပ်ကားတစ်စီးကို ပစ်ခတ်ခဲ့သဖြင့် ယာဉ်မောင်းနေရာမှာပင် သေဆုံးပြီး ယာဉ်နောက်လိုက်နှစ်ဦးဒဏ်ရာရကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အဲဒီနေ့က ကားသုံးစီးဆင်းလာတယ်။ စစ်သားတွေက မှန်ကျောင်းရှေ့ကနေ ထွက်တားတယ်။ ရှေ့ကားက ရပ်မပေးဘဲ မောင်းထွက်သွားတာကို ဒေါသထွက်ပြီး နောက်ကားကို ပစ်တာ” ၎င်းက ဆိုသည်။
ကားသမားမှာ ဦးခေါင်းတွင် ကျည်ထိမှန်သေဆုံးပြီး ယာဉ်နောက်လိုက်ဦးမှာ လည်ပင်း၊ ခြေထောက်များတွင် ဒဏ်ရာများဖြင့် အသက်အန္တရာယ်စိုးရိမ်ရကာ နောက်တစ်ဦးမှာလည်း ဒဏ်ရာပြင်းထန်ကြောင်း အထက်ပါအမျိုးသားက ပြောဆိုသည်။
သေဆုံးသူ ကားသမားမှာ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက် အသက် ၄၀ ခန့်အရွယ် အမျိုးသားဟု သိရပြီး ယာဉ်နောက်လိုက် နှစ်ဦးမှာ အသက် ၃၀ နှင့် အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသားများဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
ယင်းအပြင် အသက် ၂၀ကျော်အရွယ် ညောင်ဇင်ရွာက အမျိုးသားတစ်ဦးလည်း ရန်တောင်ရွာဘက်မှ ညောင်ဇင်ရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဖေဖော်ဝါရီလ ၂၃ရက် မနက်တွင် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့်တိုးပြီး ပစ်ခတ်ခံရကြောင်း ဒေသခံအချို့က ဆိုသည်။
“သုံးနေရာလောက် ထိတယ်လို့ပြောတယ်။ သူလည်း ကြောက်ရှိန်နဲ့ ရွာဆေးခန်းကို ဆိုင်ကယ်မောင်းပြေးတာ ဆေးခန်း လည်းရောက် သူလည်း နေရာမှာပုံလဲသွားတယ်။ အရေးပေါ်ကားခေါ်ပြီး ဆေးရုံကို တင်လိုက်ရတယ်” ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။
အထက်ပါ ညောင်ဇင်ရွာသားမှာ လည်ပင်းနှင့် ဝမ်းဗိုက်တွင် ကျည်ဆန်ထိမှန် ဒဏ်ရာရကြောင်း ၎င်းက ပြောသည်။
ဖေဖော်ဝါရီလ ၂၂ ရက်ကလည်း သရက်နှစ်ခွရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ကာ စစ်ကြောင်း ထိုးလာ သဖြင့် နေအိမ်အမိုးအကာများ ကျည်ဆန်ထိမှန်ခဲ့ပြီး အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးလည်း ပါးကိုရှပ်ထိကာ ဒဏ်ရာ အနည်းငယ်ရသေးကြောင်း ဒေသခံများထံမှ သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်များက မြိတ်-ထားဝယ်ကားလမ်းအတိုင်း စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်ကို တိုက်ခိုက်နေသလို စစ်အာဏာရှင်တပ်၏ ဝင်းဝစခန်းတွင်လည်း နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသည်။
KNLA က သရက်ချောင်းမြို့နယ်အောက်ဘက်ပိုင်းမှ ပုလောမြို့နယ်၊ ပလောက်မြို့အနီးက ဆင်ထိုးကြီးရွာအထိ ဆက်သွယ် ရေးလိုင်းများ ဖြတ်တောက်ထားပြီး မြိတ်-ထားဝယ်ကားလမ်းကိုလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့ကတည်းက ပိတ်ထားသည်။
စစ်အာဏာရှင်တပ်ကလည်း မြိတ်-ထားဝယ်ကားလမ်း တစ်လျှောက်ကို ကြည်း၊ ရေ၊ လေ အသုံးပြုပြီး တိုက်ခိုက်နေသည်။







