ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အုပ်စု လွှမ်းမိုးထားသည့် တနင်္သာရီတိုင်းလွှတ်တော်ကို စတင်ခေါ်ယူရန်လုပ်ဆောင်

February 25, 2026

ပုံစာ - ဖေဖော်ဝါရီလ ၁၄ ရက်က တိုင်းစစ်ကော်မရှင် အဖွဲ့ဝင်များ တနင်္သါရီတိုင်းလွှတ်တော် အဆောက်အဦ အားသွားရောက်ခဲ့စဥ် ။

စစ်ကော်မရှင်က ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပပြီးနောက် လွှတ်တော်အသီးသီး ခေါ်ယူမည့်ရက်များကို ကြေညာခဲ့ရာ တနင်္သာရီတိုင်းတွင်လည်း လွှတ်တော်ခေါ်ယူနိုင်ရန် ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေကြောင်း စစ်ကော်မရှင်၏ ဝါဒဖြန့်ဝက်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ထားသည်။

တတိယအကြိမ် တိုင်းလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၄ ရက်က ထားဝယ်မြို့ရှိ တိုင်းအစိုးရအဖွဲ့ရုံး၌ တိုင်းစစ်ကော်မရှင် အဖွဲ့ဝင်များနှင့် လွှတ်တော်ဝန်ထမ်းအချို့က ပြုလုပ်ခဲ့ကြသည်။

ယင်းအစည်းအဝေး၌ တိုင်းလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က လွှတ်တော်ရုံးအဆောက်အအုံ၊ လွှတ်တော်ကိုယ်စားလှယ်များ နားနေဆောင်၊ အစည်းအဝေးခန်းမ၊ ဆွေးနွေးပွဲခန်းမနှင့် ဧည့်ခန်းမများ ပြင်ဆင်ထားရှိမှု အခြေအနေများကို တင်ပြခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖေဖော်ဝါရီ ၁၄ ရက်ကလည်း တိုင်းလွှတ်တော်အဆောက်အအုံသို့ တိုင်းစစ်ကော်မရှင် ဝန်ကြီးချုပ် ဦးမြတ်ကို ကိုယ်တိုင်သွားရောက်၍ ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

စစ်ကော်မရှင်သည် တိုင်းနှင့် ပြည်နယ်လွှတ်တော်များကို လာမည့် မတ်လ ၂၀ ရက်တွင် စတင်ခေါ်ယူမည်ဟု ကြေညာထားသည်။ အမျိုးသားလွှတ်တော်ကို မတ်လ ၁၈ ရက်တွင်လည်းကောင်း၊ ပြည်သူ့လွှတ်တော်ကိုမူ မတ်လ ၁၆ ရက်တွင်လည်းကောင်း ခေါ်ယူရန် ဖေဖော်ဝါရီ ၂၃ ရက်တွင် စစ်ကော်မရှင်က ကြေညာခဲ့ခြင်းဖြစ်သည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းလွှတ်တော်အတွက် မဲအများဆုံးရသူယူစနစ် (FPTP) ဖြင့် ၁၀ ဦးနှင့် အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ၁၀ ဦး စုစုပေါင်း ကိုယ်စားလှယ် ၂၀ ဦးနှင့် စစ်အာဏာရှင်တပ် ကိုယ်စားလှယ် ၇ ဦးတက်ရောက်မည်ဖြစ်သည်ဟု စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။

တနင်္သာရီတိုင်းအတွင်း FPTP စနစ်ဖြင့် အနိုင်ရသူ ၁၀ ဦးတွင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ (USDP) မှ ၉ ဦးနှင့် ပြည်သူ့ပါတီမှ ၁ ဦး ဖြစ်ပြီး၊ PR စနစ်တွင်မူ ကြံ့ခိုင်ရေးပါတီမှ ၅ ဦး၊ ပြည်သူ့ပါတီမှ ၃ ဦးနှင့် လယ်သမားပါတီမှ ၂ ဦး မဲရရှိခဲ့ကြောင်း ကော်မရှင်က ကြေညာထားသည်။

ကြံ့ခိုင်ရေးပါတီမှ အနိုင်ရသူများထဲတွင် လက်ရှိ တိုင်းစစ်ကော်မရှင် ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာ၊ သယံဇာတဝန်ကြီး ဦးခင်မောင်မြင့်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဟောင်း ဦးမင်းမင်းလတ်တို့ ပါဝင်နေသည်။

စစ်ကော်မရှင်၏ တနင်္သာရီတိုင်း နယ်လုံဝန်ကြီးနှင့် စစ်အာဏာရှင်တပ် ကော့သောင်းဗျူဟာမှူး အပါအဝင် စစ်အရာရှိ ၇ ဦးကိုလည်း တိုင်းလွှတ်တော်ကိုယ်စားလှယ်များအဖြစ် ခန့်အပ်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်တွင် စစ်ကော်မရှင်က ကြေညာထားသည်။

မြန်မာစစ်ကော်မရှင်က ကျင်းပသည့် ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုကြောင်း ပြောဆိုထားသလို ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံများနှင့် လူ့အခွင့်အရေးအဖွဲ့များကလည်း အဆိုပါရွေးကောက်ပွဲမှာ စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်စေရန် ကြံစည်မှုဖြစ်သည်ဟု ဝေဖန်ထားသည်။