ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင်တွင် မြန်မာနိုင်ငံကူးလက်မှတ်အတုနှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) အတုများကို ပြုလုပ်နေသည်ဟုဆိုကာ မြန်မာနိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
နွန်ထဘူရီခရိုင် ဘန်းဘိုဝါဒေသရှိ နေအိမ်နှစ်ဆောင်ကို ရဲတပ်ဖွဲ့က ဝရမ်းအရ ဝင်ရောက်စီးနင်းရှာဖွေစဉ် ကိုမင်းအမည်ရှိ မြန်မာနိုင်ငံသားကို ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
နေအိမ်ထဲကို ဖေဖော်ဝါရီလ ၂၀ ရက်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
နိုင်ငံကူးလက်မှတ်အတု ပြုလုပ်သည့် စက်ပစ္စည်း ၆၆ မျိုး၊ နိုင်ငံကူးလက်မှတ်အတု ၃၀ ကျော်၊ ထိုင်းနှင့် မြန်မာလဝက ပြည်ဝင်ခွင့်တုံးအတု ၁၆ ခု၊ ကား၊ ဆိုင်ကယ်နှင့် ဘတ်နှစ်သန်းကျော် လည်ပတ်နေသော ဘဏ်စာအုပ်များကိုလည်း တွေ့ရှိခဲ့ သဖြင့် သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ထိုင်းတောင်ပိုင်း စွန်ခရာခရိုင် မီးရထားပေါ်တွင် မြန်မာနိုင်ငံသား ရှစ်ဦးကို နိုင်ငံကူးလက်မှတ်အတု၊ လဝက တံဆိပ်တုံး အတုများနှင့်အတူ ဖမ်းဆီးရမိပြီးနောက် ရဲတပ်ဖွဲ့က ဆက်စပ်နေသူများကို ဆက်တိုက် ရှာဖွေဖမ်းဆီးနေခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများ၏ ထွက်ဆိုချက်အရ နိုင်ငံကူးလက်မှတ်အတုများကို ကိုမင်းက စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး နွန်ထဘူရီခရိုင်တွင် မြန်မာနိုင်ငံသားများ ခိုလှုံရန် နေအိမ်ပါ ဆောင်ရွက်ပေးထားကြောင်း ဝန်ခံခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် ဆက်စပ်ပါဝင်သော ကိုမင်းကို ရဲတပ်ဖွဲ့က အချိန် လေးလကျော် စုံစမ်းထောက်လှမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
နိုင်ငံကူးလက်မှတ်အတုများကို တစ်အုပ်လျှင် ဘတ် ၈၅၀၀ ဖြင့် ပြုလုပ်ပေးခဲ့ပြီး ကန်ချနဘူရီနယ်စပ်က ပွဲစားများနှင့် ချိတ်ဆက်၍ တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသားများအတွက် လုပ်ဆောင်ပေးခဲ့သည်ဟု ကိုမင်းက ထွက်ဆိုခဲ့ကြောင်း ဖော်ပြသည်။
တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသားများကို မလေးရှားအထိ ပို့ဆောင်ပေးရန် နိုင်ငံကူးလက်မှတ်နှင့် လဝက တံဆိပ်တုံး အတုများကို ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
နိုင်ငံခြားသားများ တရားမဝင် ဝင်လာနိုင်အောင် ကူညီမှု၊ နိုင်ငံကူးလက်မှတ် အတုပြုလုပ်မှုများအပြင် ငွေကြေးခဝါချမှုဖြင့် လက်ရှိတွင် ကိုမင်း အား အရေးယူထားကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: one 31, Matichon Online, Police TV







