ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၆ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဖေဖော်ဝါရီလ ၂၄ ရက်က ကန်ချနဘူရီခရိုင် စိုင်ယွတ်ဒေသတွင် အနက်ရောင်ပစ်ကပ်ကားတစ်စီး အမြန်မောင်းလာသဖြင့် ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခံရန် အချက်ပြသော်လည်း မောင်းပြေးသွားခဲ့ကြောင်း ဖော်ပြသည်။
ရဲတပ်ဖွဲ့က နောက်က လိုက်လံဖမ်းဆီးခဲ့သောအခါ ကန်ချနဘူရီမြို့ နော့ဘိုဝါဒေသတွင် ပစ်ကပ်ကားကို လမ်းဘေးသို့ ရပ်တန့်နိုင်ခဲ့ကြောင်း ဆိုသည်။
ကားထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၁၆ ဦးသည် ကားအတွင်းနှင့် ကားနောက်ပိုင်းတွင် အိပ်လျက်အနေအထားဖြင့် လိုက်ပါလာကြောင်း ဖော်ပြသည်။
အားလုံးကို စစ်ဆေးရာ နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း ဆိုသည်။
မြန်မာနိုင်ငံသားများကို ထိုးဖားဖမ်းဒေသမှတစ်ဆင့် ဘန်ကောက်မြို့သို့ ပို့ဆောင်ပေးရန် မောင်းလာခြင်းဖြစ်ပြီး ခရီးစရိတ်အတွက် တစ်ဦးလျှင် ဘတ် လေးထောင်စီ ရရှိမည်ဖြစ်ကြောင်း ကားသမားက ထွက်ဆိုထားသည်။






ကားသမားသည် လွန်ခဲ့သော ၅ လခန့်က နိုင်ငံခြားသားများကို တရားမဝင် ပို့ဆောင်မှုဖြင့် ဖမ်းဆီးခံရဖူးသူဖြစ်ပြီး ယခုထပ်မံ၍ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံသားများသည် စန်ခရဘူရီလမ်းကြောင်းမှတစ်ဆင့် တရားမဝင် ဝင်လာပြီး ခရီးစရိတ်အတွက် ပွဲစားကို ဘတ် ၁၃၀၀၀ ပေးချေရမည်ဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု သတင်းများတွင် ဖော်ပြသည်။
လက်ရှိတွင် ကားသမားနှင့်အတူ မြန်မာနိုင်ငံသားများကို ဥပဒေအရ အရေးယူနိုင်ရန် ကန်ချနဘူရီရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ဖော်ပြသည်။
Ref: Joe Joe, Kanchanaburi News







